Published 04 December 2023

ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေပိုင်နက်အတွင်း ကုန်သင်္ဘော ၃ စင်း တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုနေရာမှ အစ္စရေးလ်သင်္ဘော ၂ စင်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ယီမင်မှ ဟူသီအဖွဲ့က အခိုင်အမာ ဆိုလိုက်ပါတယ်။

ထိုအဖြစ်အပျက်ပြီးနောက် ဟူသီတို့အုပ်စိုးနေတဲ့ ထိုဒေသမှာ အမေရိကန်ဖျက်သင်္ဘော The Carney က လာရောက်ကူညီပေးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

ယီမင်မှ ဟူသီလှုပ်ရှားရေးအဖွဲ့က လက်နက်တပ်ဆင် ဒရုန်း၊ ရေကြောင်းဒုံးကျည်ဖြင့် Unity Explorer နဲ့ Number 9 အစ္စရေးလ်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

ထိုသင်္ဘော ၂ စင်းဟာ သတိပေးချက်ကို ငြင်းပယ်ခဲ့တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ယီမင်ပြည်သူတွေရဲ့ အလိုအတိုင်း၊ ပါလက်စ်တိုင်းသားတွေဘက်က ရပ်တည်တဲ့ အစ္စလာမ်နိုင်ငံများရဲ့ တောင်းဆိုချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ရုပ်သံအစီအစဥ်ကနေ ပြောကြားခဲ့ပါတယ်။

The Carney သင်္ဘောဟာ ဒရုန်း ၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ကုန်သင်္ဘောများကို ကူညီပေးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပြပါတယ်။

ဒါဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးကို ခြိမ်းခြောက်လာတာ ဖြစ်ပြီး ဟူသီတို့တိုက်ခိုက်မှုဟာ အီရန်မှ အပြည့်အဝ ထောက်ပံ့တာဖြစ်မယ်လို့ ယူဆနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ သင်္ဘော ၂ စင်းဟာ အစ္စရေးလ်နဲ့ ဆက်စပ်ခြင်းမရှိဘဲ တစ်စင်းက အတော်လေး ထိခိုက်ပျက်စီးခဲ့ကာ နစ်မြုပ်နိုင်ဖွယ်အန္တရာယ် ရှိနေပြီး နောက်တစ်စင်းကတော့ အနည်းငယ်သာ ထိခိုက်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

အစ္စရေးလ်နိုင်ငံနဲ့ ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ရေပြင်မှာ တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားနေပါတယ်။

ယီမင် ပင်လယ်နီကမ်းရိုးတန်း အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ အစ္စရေးလ်ဘက်ကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အစ္စရေးလ်သင်္ဘောများကို ထပ်မံတိုက်ခိုက်သွားဦးမယ်လို့ ဆိုထားပါတယ်။
Source: Reuters
#World_News
#ပင်လယ်နီ #အမေရိကန်စစ်တပ် #အစ္စရေးလ် #ပါလက်စ်တိုင်းစစ်သွေးကြွ #ဟားမတ်စ်အဖွဲ့
#Yangon_Times #YMG_News #Yangon_Media_Group