Published 1 December 2023

နေလုံးကြီးဟာ လှုပ်ရှားမှု ရုတ်တရက်မြင့်မားလာပြီး အာကာသထဲကို ပူပြင်းတဲ့ ပလတ်စ်မာအမှုန်အမွှားများ ရောက်ရှိစေတဲ့ နေအစက်အပြောက်များ သိသိသာသာ များပြားလာကာ ကမ္ဘာမြေမှာ ရေဒီယိုလှိုင်းပြတ်တောက်မှု ဖြစ်ပေါ်ပြီး ဘူမိသံလိုက်မုန်တိုင်းများအသွင် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း နာဆာ(NASA)ရဲ့ လေ့လာချက်ကို Newsweek က ဖော်ပြထားပါတယ်။

နေမျက်နှာပြင်ပေါ်မှာ အစက်အပြောင်မည်းများ ရှိနေပြီး ယခုရက်ပိုင်းအတွင်း သံလိုက်စက်ကွင်း အလွန်အားကောင်းလာကာ ထိုအစက်အပြောက် အရေအတွက်တွေ ဆယ်ဆခန့် များပြားလာသဖြင့် အပူငွေ့ အများအပြား နေ့စဥ်ထုတ်လွှတ်နေပါတယ်။

နေကနေ ပလတ်စ်မာထုကြီး အရှိန်မြန်မြန်ဖြင့် ထုတ်လွှတ်တဲ့အခါ ကမ္ဘာမြေသံလိုက်လှိုင်းနဲ့ လေထုကို ထိခိုက်နိုင်ဖွယ် ရှိနေပါတယ်။

နေကဖြစ်လာတဲ့ ဆိုလာရောင်ခြည်တွေနဲ့ အပူငွေ့ထုတွေက သံလိုက်လှိုင်းရှုပ်ထွေးခြင်းကြောင့် ဖြစ်လာကြောင်း နော်တင်ဂမ်ထရန့်တက္ကသိုလ် နက္ခတ္တနဲ့ သိပ္ပံဆက်သွယ်ရေး တွဲဖက်ပရော်ဖက်ဆာ ဒန်နီယယ်ဘရောင်းက ပြောပြသွားပါတယ်။

နေအစက်အပြောက်တွေက နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး များပြားလာတာဖြစ်ကြောင်း Spaceweather.com မှာ ဖော်ပြထားပါတယ်။

အပူငွေ့ထုထဲက အမှုန်အမွှားတွေ ကမ္ဘာ့သံလိုက်လှိုင်းနဲ့ လေထုကို ထိခိုက်ပြီး ဆိုလာလေတွေကြောင့် ကမ္ဘာ့အပေါ်ယံလွှာမှာ အော်ရိုရာများ အားကောင်းလာကာ လေထုအနိမ့်ပိုင်းမှာပင် မြင်နိုင်ပါတယ်။

ကမ္ဘာ့သံလိုက်စက်ကွင်းကို နေကလာတဲ့အရာတွေက နှောင့်ယှက်တဲ့အခါ ဘူမိသံလိုက်မုန်တိုင်း ဖြစ်နိုင်တယ်လို့ ဆိုလာရူပဗေဒအဖွဲ့မှ ဟော့မော်ဂန်က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ရေဒီယိုလှိုင်း ပြတ်တောက်ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။
Source: WION
#World_Science
#Yangon_Times #Yangon_Media_Group #YMG_News