#World_Health
Published 26 October 2023


ဝက်ရဲ့နှလုံးဖြင့် အစားထိုးခွဲစိတ်မှုခံယူခဲ့တဲ့ ဒုတိယမြောက်လူနာဟာ တစ်လကြာပြီးနောက်မှာ နလန်ပြန်ထူဖို့ ဆေးရုံမှာ ကြိုးစားနေတာတွေကို သေကြာနေ့က ဗီဒီယိုကနေ မြင်တွေ့ခဲ့ရပါတယ်။

 

မယ်ရီလန်းမှ လောရန့်ဖော့ဆက်ဟာ နှလုံးအလုပ်မလုပ်တဲ့ ရောဂါကြောင့် သေလုနီးပါးဖြစ်နေပြီး အခြားကျန်းမာရေး ပြဿနာများကြောင့် သာမန်နှလုံးခွဲစိတ်မှုမျိုး ပြုလုပ်လို့မရတဲ့အချိန်မှာ မယ်ရီလန်းဆေးတက္ကသိုလ်မှ ဆရာဝန်များက အန္တရာယ်များတဲ့ စမ်းသပ်ခွဲစိတ်မှုကို အကြံပြုခဲ့ပါတယ်။

 

စက်တင်ဘာ ၂၀ ရက်နေ့ ခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုဆေးရုံမှဗီဒီယိုထဲမှာ ရုပ်ပိုင်းဆိုင်ရာ ကုသရေးမှူး ခရစ္စဝဲလ်စ်က သူ့ကိုစက်ဘီးခြေနင်း လေ့ကျင့်ခန်းလုပ်ခိုင်းနေစဥ် ပြုံးနေခိုင်းဖို့ ပြောပြနေတာကို တွေ့ရပါတယ်။

 

ဒီလိုလုပ်ရတာ ခက်ခဲပေမယ့် ရအောင်လုပ်မယ်လို့ အသက် ၅၈ နှစ်ရှိဖော့ဆက်က အသက်ပြင်းပြင်းရှူရင်း ပြောပြသွားပါတယ်။

 

မယ်ရီလန်းဆေးတက္ကသိုလ်အဖွဲ့ဟာ ယမန်နှစ်က ပထမဆုံးနှလုံးအစားထိုး ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ထံမှနှလုံးကို သေလုနီးပါးဖြစ်နေတဲ့ လူနာမှာ အစားထိုးခဲ့ပါတယ်။

 

၂ လကြာအသက်ရှင်ခဲ့ပြီးနောက် နှလုံးအလုပ်မလုပ်တော့ကာ နှလုံးအတွင်းမှ ဝက်ဗိုင်းရပ်စ်တစ်မျိုးရဲ့ လက္ခဏာတွေကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

 

ပထမအခေါက်က အတွေ့အကြုံကို သင်ခန်းစာယူခဲ့ပြီး အခုတစ်ခေါက်မှာ ဗိုင်းရပ်စ်စမ်းသပ်မှု အပါအဝင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါတယ်။

 

တိရိစ္ဆာန်များမှ လူထံသို့ အင်္ဂါအစားထိုးခြင်း နည်းလမ်းတွေဟာ ဆယ်စုနှစ်တွေကြာအောင် မအောင်မြင်ခဲ့ဘဲ လူသားတွေရဲ့ ကိုယ်ခံအားစနစ်က ပြင်ပတစ်ရှူးတွေကို ချက်ချင်းဖျက်ဆီးပစ်လိုက်ပါတယ်။

 

အခုအခါမှာ ဝက်ရဲ့နှလုံးကို လူသားတွေနဲ့ ပိုမိုဆင်တူလာအောင် မျိုးရိုးဗီဇပြုပြင် ဖန်တီးလာကြပါတယ်။

 

ဝက်ရဲ့နှလုံးကို ခန္ဓာကိုယ်ထဲမှာ လက်မခံတာမျိုး မတွေ့ရဘူးလို့ ဆရာဝန်များက ဆိုပါတယ်။

 

ဖော့ဆက်ဟာ မတ်တပ်ရပ်နိုင်ပြီဖြစ်ပြီး ကုသရေးပညာရှင်များက လမ်းပြန်လျှောက်နိုင်ရန် လိုအပ်တဲ့ခွန်အား ရရှိဖို့ကို ကူညီပေးနေကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

 

ဒီလိုမျိုး အစားထိုးခွဲစိတ်မှုများဖြင့် လူသားအင်္ဂါ ရှားပါးလာတာကို အစားထိုးနိုင်မယ်လို့ သိပ္ပံပညာရှင်များ မျှော်လင့်နေကြပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ အစားထိုးခွဲစိတ်မှု ပြုလုပ်ရန် လူနာပေါင်း ၁ သိန်းကျော်ရှိနေပြီး အများစုက ကျောက်ကပ်အင်္ဂါတွေ ဖြစ်ပါတယ်။

 

အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအနေနဲ့ ပိုမိုလေ့လာခွင့်ရရှိစေရန် ရည်ရွယ်ကာ သိပ္ပံပညာရှင်အဖွဲ့အချို့က ဝက်ကျောက်ကပ်နဲ့ နှလုံးတွေကို မျောက်တွေနဲ့ လှူဒါန်းထားတဲ့ လူခန္ဓာကိုယ်အလောင်းတွေမှာ စမ်းသပ်နေကြပါတယ်။

 

#World_Health #ဒုတိယမြောက်ဝက်နှလုံးအစားထိုးခွဲစိတ်မှု #လေ့ကျင့်ခန်းပြန်လုပ်နေနိုင်ပြီ  #Source: New York Post