#World_News
Published 25 October 2023


ဟားမတ်စ်စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတဲ့ ဂါဇာမြို့မှ လူနေထူထပ်တဲ့ ဒေသတွေကို အစ္စရေးလ်တပ်များ ဝင်ရောက်တိုက်ခိုက်ရန် အလားအလာ ရှိနေပြီး ဒါဟာ ယခင်က ဆီးရီးယားနဲ့ အီရတ်တို့မှာ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အစ္စလာမ်အကြမ်းဖက်အဖွဲ့နဲ့ အသေအကြေ တိုက်ခိုက်ခဲ့ကြတာကို ပြန်လည်အမှတ်ရစေပါတယ်။

 

မိုဆူလ်နဲ့ ရက်ကာတို့မှာ သေနတ်ပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထောင်နဲ့ချီ သေဆုံးခဲ့တာကို အစ္စရေးလ်အနေနဲ့ သင်ခန်းစာယူရမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ စစ်ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။

 

အစ္စရေးလ်တို့နဲ့ ပြောဆိုရာမှာ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်ဖို့၊ ဘေးကင်းရေး အတိုင်းအတာများ သေချာဆောင်ရွက်ဖို့ အရေးကြီးကြောင်း အလေးပေးပြောပြခဲ့တယ်လို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက အင်္ဂါနေ့မှာ မိန့်ကြားလိုက်ပါတယ်။

 

၂၀၁၆ အောက်တိုဘာမှ အစ္စလာမ်အကြမ်းဖက်အဖွဲ့ ကျဆုံးရာ ၂၀၁၇ ဇူလိုင်လအထိ မိုဆူလ်ကို အစ္စလာမ်သူပုန်များထံမှ လွတ်မြောက်အောင် ဝိုင်းရံတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၁ သောင်းသေဆုံးကာ အရပ်သား ၃,၂၀၀ ခန့်ပါဝင်ခဲ့တယ်လို့ AP သတင်းဌာန စုံစမ်းရေးမှ သိရှိရပါတယ်။

 

စစ်သွေးကြွများက ထွက်ပြေးရန်ကြိုးပမ်းစဉ်မှာ အရပ်သားဓားစာခံတွေကို ဖမ်းဆီး သတ်ဖြတ်သွားခဲ့ပြီး လူသားဒိုင်းအဖြစ် အသုံးချသွားပါတယ်။

 

အရပ်သားတွေကို အဝေးသို့ ထွက်ပြေးဖို့ သတိပေးထားစဉ် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းထားဖို့နဲ့ လူသားချင်းစာနာမှုစင်္ကြံများ ချမှတ်ဆောင်ရွက်သွားဖို့ အရေးပါကြောင်းကို ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဌ၊ အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးအကြီးအကဲ၊ အကြီးတန်း ကွန်မန်ဒါများက သိရှိထားကြကာ အရပ်သားကာကွယ်ရေး၊ စစ်သွေးကြွများမှ ပြုလုပ်ထားနိုင်တဲ့ ထောင်ချောက်များအကြောင်း အကြံပြုကြကာ ကျောင်းတွေ၊ ဗလီတွေ၊ နေအိမ်တွေမှာ ပုန်းခိုနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စလာမ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အထူးတပ်ဖွဲ့မှာ ပါဝင်ခဲ့တဲ့ မရင်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂလင်း အပါအဝင် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ကို အစ္စရေးလ်သို့ စေလွှတ်လိုက်ပါတယ်။

 

လူနေအရပ်တွေမှာ တိုက်ခိုက်တာနဲ့  ပတ်သက်လာရင် အဆိုပါအရာရှိတွေက အတွေ့အကြုံရှိထားပြီး အစ္စရေးလ်ကာကွယ်ရေးတပ်တွေနဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

 

တဲလ်အေဗစ်မှာ အစ္စရေးလ်ခေါင်းဆောင်များနဲ့ လွိုက်အော်စတင် တွေ့ဆုံရာမှာ အစ္စလာမ်အကြမ်းဖက်တွေကို နှိမ်နင်းခဲ့စဉ် အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးကို ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ကာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတဲ့ အချက်ကိုလည်း သိရှိထားဖို့ ပြောကြားသွားပါတယ်။

 

ဂါဇာသို့ ဝင်ရောက်တိုက်ခိုက်တဲ့အခါ အရပ်သားတွေရဲ့ ဘေးကင်းမှုကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ သတိပေးလိုက်ပါတယ်။

 

အရပ်သားများ ထိခိုက်သေဆုံးမှု မဖြစ်အောင် အစီအစဉ်တွေ၊ လေ့ကျင့်မှုတွေ၊ ပစ်မှတ်တွေ၊ လက်နက်အသုံးပြုခြင်းတွေကို ထိန်းညှိသွားဖို့ကို အလေးထားရမှာဖြစ်ပါတယ်။

 

ဒီစစ်ဆင်ရေးကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ တကယ်အရေးပါကြောင်း၊ ဟားမတ်စ်တွေရဲ့ လက်ထဲမှာရှိနေတဲ့ အပြစ်မဲ့ ပါလက်စ်တိုင်းပြည်သူတွေရဲ့ အရေးကို စဉ်းစားပြီး အကျိုးရှိမယ့်လုပ်ရပ် လုပ်နိုင်ဖို့လိုအပ်ကြောင်း အငြိမ်းစားစစ်တပ်ဗိုလ်ချုပ်ကြီး ဂျိုဆပ်ဗိုတယ်က ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ယခုစစ်သွေးကြွတွေဟာ အီရန်ကထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ပိုမိုအဆင့်မြင့်နေပြီး ဂါဇာမြေအောက်က လှိုဏ်ခေါင်းတွေက ဆီးရီးယားတုန်းက လှိုဏ်ခေါင်းတွေထက် ပိုမိုရှည်လျားဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။


ယခင်က ရင်ဆိုင်ခဲ့တဲ့ ISIS တွေထက် ယခုဟားမတ်စ်စစ်သွေးကြွေတွေက နောက်တစ်ဆင့်မြင့်လာတဲ့ လူရမ်းကားတွေဖြစ်နေတယ်လို့ ခံစားရကြောင်း အော်စတင်က ဆိုပါတယ်။

 

#World_News #အမေရိကန် #အီရတ် #ဆီးရီးယား #Source: AP News