Published 17 October 2023

တနင်္လာနေ့ညက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်လ်မြို့ အလယ်ပိုင်းမှာ ဆွီဒင်နိုင်ငံသား ၂ ဦး ပစ်သတ်ခံရပြီး အခြားတစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စလာမ်အဖွဲ့ဝင်တစ်ဦးက ဒီလုပ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ယင်းကိုယ်တိုင် အွန်လိုင်းဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ရဲ့ ဘောလုံးပွဲ စတင်ခါနီးအချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သံသယရှိသူ တရားခံဟာ ထွက်ပြေးသွားခဲ့ပြီး ဘယ်လ်ဂျီယံဘက်က အသည်းအသန် လိုက်လံရှာဖွေကာ အကြမ်းဖက် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ကြေညာခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူဟာ အစ္စရေးလ်- ပါလက်စ်တိုင်းစစ်သွေးကြွ ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ထားဘူးလို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။

တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ထိခိုက်သူတွေဟာ ဆွီဒင်နိုင်ငံသား ဖြစ်နေတာကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ကိုရန်မီးရှို့ခြင်းများနဲ့ ဆွီဒင်မှာ အစ္စလာမ်အထွတ်အမြတ် ဆောင်ပုဒ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် မွတ်ဆလင်တို့ အမျက်ထွက်ခဲ့ရကာ ဂျီဟဒ်တွေထံမှ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဩဂုတ်လက ဆွီဒင်မှာ အကြမ်းဖက် သတိပေးချက် ဒုတိယအမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရပ်ခြားမှ ဆွီဒင်လူမျိုးတို့ရဲ့ အကျိုးစီးပွားများကို ခြိမ်းခြောက်မှုတွေ မြင့်မားလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတစ်ခုမှာ သံသယဖြစ်ဖွယ် တရားခံက သူ့ကိုယ်သူ အက်ဒဲဆလမ်အယ်ဂူလာနီလို့ ခေါ်ပြီး အလာရ်အတွက် တိုက်ခိုက်ပေးသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတစ်ဦးကတော့ တက္ကစီယာဥ်မောင်းဖြစ်ကာ အသက်အန္တရာယ် မရှိတော့ဘူးလို့ အစိုးရရှေ့နေက ဆိုပါတယ်။

ခြိမ်းခြောက်မှု မပြီးသရွေ့ အိမ်တွင်းမှာသာ နေထိုင်ကြဖို့ ရှေ့နေနဲ့ ဥရောပကော်မရှင်အဖွဲ့တို့က ဘယ်လ်ဂျီယံပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန်ဒါဒီကရူးက ထိခိုက်သေဆုံးသူတွေဟာ ဆွီဒင်တွေဖြစ်တယ်လို့ X ဆိုရှယ်မီဒီယာမှာ အတည်ပြုဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံမှာ ဆွီဒင်လူမျိုးတွေ တိုက်ခိုက်ခံရတဲ့အတွက် ဆွီဒင်ဝန်ကြီးချုပ်ကို အနူးအညွတ် တောင်းပန်လိုပါကြောင်း၊ ဆုံးရှုံးသွားရတဲ့ နစ်နာသူတွေရဲ့ မိသားစုဝင် မိတ်ဆွေများနဲ့ ထပ်တူဝမ်းနည်းရပါကြောင်း၊ အကြမ်းဖက်များကို အတူတကွ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဒီကရူးက ဖော်ပြခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး အချက်အလက်များ ပိုမိုသိရှိစေရန် ဘယ်လ်ဂျီယံ အာဏာပိုင်များနဲ့ အပြင်းအထန် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဆွီဒင်တရားရေးဝန်ကြီး ဂန်နာစထရွန်မာက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

သေဆုံးသူ ၂ ဦးဟာ ဘောလုံးပွဲအားပေးသူတွေ ဖြစ်နိုင်ပြီး တနင်္လာနေ့ ညနေခင်းမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲတစ်ပွဲအဖြစ် အိမ်ရှင်ဘယ်လ်ဂျီယံက ဆွီဒင်ကို လက်ခံယှဥ်ပြိုင်ခဲ့တာဖြစ်ကာ လုံခြုံရေး အကြောင်းပြချက်များဖြင့် ပထမပိုင်းအပြီးမှာ ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။

သေနတ်သမားဟာ မပစ်ခတ်ခင်မှာ အလာဟူအက်ဘာလို့ အော်သွားခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောပြခဲ့တယ်လို့ ဘယ်လ်ဂျီယံ သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။

ယခုဖြစ်ရပ်ဖြစ်ပြီးနောက် ပြင်သစ်က ဘယ်လ်ဂျီယံနဲ့ နယ်စပ်ဘက်မှာ လုံခြုံရေးများ တင်းကြပ်ထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times