#World_News
Published 2 October 2023


ဗြိတိန်စစ်ဘက်ဆိုင်ရာ သင်ကြားသူများကို ယူကရိန်းထံသို့ ယခုချက်ချင်း စေလွှတ်နေရာချရန် အစီအစဥ်မရှိဘူးလို့ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က တနင်္ဂနွေနေ့က ပြောကြားလိုက်ကာ ယူကရိန်းနိုင်ငံအတွင်း ဗြိတိန်တပ်သားများ လေ့ကျင့်ပို့ချပေးစေချင်တယ်လို့ ဆိုခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်စကားများကို ပြင်ဆင်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံမှု မဖြစ်စေရန် ယခုအချိန်အထိ ယူကရိန်းနိုင်ငံအတွင်း တရားဝင် စစ်ရေးပါဝင်ပတ်သက်မှု မရှိအောင် သတိပြုနေကြပါတယ်။


ပြီးခဲ့တဲ့လက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တဲ့ ဂရန့်ရှက်ပ်စ်က The Sunday Telegraph သတင်းဌာနနဲ့ အင်တာဗျူးပြောကြားခဲ့ရာမှာ ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချပေးသူများ စေလွှတ်ချင်ကြောင်းနဲ့ ယူကရိန်း လက်နက်ကိုင်တပ်သားတွေကို ဗြိတိန် ဒါမှမဟုတ် အခြားအနောက်တိုင်း နိုင်ငံတွေမှာ လေ့ကျင့်သင်ကြားပေးချင်ကြောင်း ဆိုခဲ့ပါတယ်။

 

ထိုအင်တာဗျူးအကြောင်း ထုတ်လွှင့်ပြီး နာရီပိုင်းအကြာမှာပဲ ဆူနက်ခ်က ဗြိတိန်တပ်သားတွေကို ယခုချက်ချင်း ယူကရိန်းမှာ နေရာချရန် အစီအစဥ်မရှိဘူးလို့ တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီး ဆိုလိုချင်တာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးသင်ကြားမှုများ ပြုလုပ်ပေးဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဒါဟာ ရေရှည်စီမံကိန်း တစ်ခုသာဖြစ်ပြီး ယခုချက်ချင်း ပြုလုပ်ဖို့ အစီအစဥ်မရှိကြောင်း မန်ချက်စတာမှာ ပြုလုပ်တဲ့ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည် အစည်းအဝေးပွဲမှာ ဆူနက်ခ်က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

 

ယူကရိန်းမှာ စစ်ရေးသင်ကြားမှုများ ပြုလုပ်နေတဲ့ ဗြိတိန်တပ်သားမှန်သမျှ ရုရှားရဲ့ တရားဝင်ပစ်မှတ် ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဒ်ဗီဒက်ဗ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ဗြိတိန်ဟာ ယမန်နှစ်က ယူကရိန်းတပ်သား ၂ သောင်းခန့်ကို ရက်သတ္တပတ် ၅ ပတ်ကြာမြင့်တဲ့ စစ်ရေးလေ့ကျင့်မှုသင်တန်းများ ပို့ချပေးခဲ့ပြီး နောက်ထပ်လည်း အလားတူ သင်ကြားပေးသွားရန် ရည်ရွယ်ထားပါတယ်။

 

ဂရန့်ရှက်ပ်စ် အင်တာဗျူး ပြောကြားခဲ့ရာမှာ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးသင်ကြားပေးနိုင်ရေး အခြေအနေက တဖြည်းဖြည်းနဲ့ နီးစပ်လာပြီဖြစ်ကြောင်း၊ BAE Systems လိုမျိုး ဗြိတိန်ကာကွယ်ရေး ကုမ္ပဏီများအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း လက်နက်စက်ရုံများ တည်ဆောက်ရန် အစီအစဥ်များ ဆက်လက်ဖော်ဆောင်သွားမယ်လို့ မျှော်လင့်ကြောင်း၊ ယူကရိန်းစစ်ပွဲကြောင့် လူတွေ လက်နက်တွေ အမြောက်အများ ဆုံးရှုံထားရပေမယ့် ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် အခိုင်အမာ ဆက်လက်ထောက်ပံ့သွားဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

 

နေတိုး(NATO)အဖွဲ့အစည်းရဲ့ အရှေ့ဘက်ခြမ်းကို ကူညီကာကွယ်ပေးရန် ပိုလန်အစိုးရက တောင်းဆိုခဲ့ပြီးနောက်က ဗြိတိန်တိုက်လေယာဥ်တွေကို ယခုရက်သတ္တပတ်အကုန်မှာ ပိုလန်သို့ ပေးပို့ခဲ့ပါတယ်။

 

#World_News #ယူကရိန်း #ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်ခ် #Source: NDTV