#World_News
Published_ 27 September 2023


အီရတ်နိုင်ငံ နီနက်ဗီပြည်နယ် ဟမ်ဒါနီယာခရိုင်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပါတီတစ်ခုမှာ မီးလောင်ကျွမ်းခဲ့သဖြင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၁၅၀ ဒဏ်ရာရရှိခဲ့ပါတယ်။

 

အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မီးလောင်ကျွမ်းပြာကျနေတဲ့ အဆောက်အအုံထဲမှာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြပါတယ်။

 

နီနက်ဗီ လက်ထောက်အုပ်ချုပ်ရေးမှူး ဟာဆန်အယ်အယ်လက်က သေဆုံးသူ ၁၁၃ ဦးရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားထားပြီး ပြည်တွင်းမီဒီယာများကတော့ သေဆုံးသူအနည်းဆုံး ၁၀၀ ရှိကာ ၁၅၀ ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ပြည်တွင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပါတီပွဲဂုဏ်ပြုချီးမြှောက်စဥ် မီးရှူးမီးပန်းများ ဖောက်ပြီးနောက် ဧည့်ခံပွဲခန်းမကြီးတစ်ခန်းလုံး မီးလောင်စွဲသွားခဲ့တယ်လို့ ဒေသတွင်း အရပ်ဘက်ကာကွယ်ရေးက ပြောကြားခဲ့ပါတယ်။

 

‘’ခန်းမထဲကနေ မီးလှိုက်စားလောင်ကျွမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။  အထဲကနေ လွတ်မြောက်လာသူတွေဟာလည်း ဒဏ်ရာရရှိကုန်ကြပါတယ်’’ လို့ မီးလောင်ကျွမ်းခြင်းကနေ လွတ်မြောက်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အီမက်ယိုဟာနာက ပြောပြခဲ့ပါတယ်။

 

ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦးရဲ့ ဗီဒီယိုထဲမှာ မီးသတ်သမားတွေက အဆောက်အအုံပျက်ပေါ် တွယ်တက်နေကြပြီး အပျက်အစီးများကြား မီးထိုးကာ ရှာဖွေနေကြပါတယ်။

 

ကနဦး အချက်အလက်များအရ အဆောက်အအုံဟာ မီးလောင်ကျွမ်းလွယ်တဲ့ ဆောက်လုပ်ရေးပစ္စည်းများဖြင့် ပြုလုပ်ထားကာ ဒါဟာ အလျင်အမြန် လောင်ကျွမ်းပျက်စီးသွားရတဲ့ အကြောင်းအရင်းထဲမှာ ပါဝင်နေပါတယ်။

 

မီးလောင်ကျွမ်းရာ နေရာသို့ လူနာတင်ကားများနဲ့ ဆေးဝန်ထမ်းများကို အီရတ်အာဏာပိုင်များ စေလွှတ်ခဲ့ပါတယ်။

 

မျက်မြင်သက်သေများရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိုအချိန်မှာ လူပေါင်းရာနဲ့ချီ ရှိနေခဲ့ပါတယ်။

 

#World_News #အီရတ်မင်္ဂလာဆောင် #မီးလောင်ကျွမ်းမှုဖြစ်ပွား
Source: Reuters