#World_News
Published 25 September 2023


ပြင်သစ်ဟာ ဇူလိုင်လက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ပြီး ယခုနှစ်ကုန်မှာ နိုင်ဂျာရှိ ယင်းတို့ရဲ့ တပ်သား ၁,၅၀၀ ကို ပြန်လည်ဆုတ်ခွာတော့မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ဒီလိုတပ်ဆုတ်ရတာဟာ ဆာဟယ်ဒေသရှိ ပြင်သစ်တို့ရဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဥ်များနဲ့ ပြင်သစ်လွှမ်းမိုးမှုတို့မှာ အထိနာစရာ ဖြစ်ရပေမယ့် အာဏာသိမ်းသူတွေ လက်အောက်မှာ ဓားစာခံအဖြစ်မခံနိုင်ဘူးလို့ မက်ခရွန်က ဆိုပါတယ်။

 

‘’နိုင်ဂျာရှိ ပြင်သစ်သံအမတ်ကို ပြန်ခေါ်ပြီး နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပါပြီ’’ လို့ TF1 ၊ France 2 တီဗီရုပ်သံတို့နဲ့ အင်တာဗျူးမှာ မက်ခရွန်က ပြောပြခဲ့ပါတယ်။

 

နိုင်ဂျာခေါင်းဆောင်ကလည်း ထိုကြေညာချက်ကို ကြိုဆိုလိုက်ကာ တိုင်းပြည်အချုပ်အခြာအာဏာ တည်မြဲရန် ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

‘’နယ်ချဲ့ဝါဒီတွေနဲ့ ကိုလိုနီလက်သစ်တွေရဲ့ တပ်တွေကို ဒီတိုင်းပြည်ကနေ မကြိုဆိုတော့ပါဘူး။ အပြန်အလှန် လေးစားမှုနဲ့ အချုပ်အခြာအာဏာ တည်မြဲရေးတို့ကို အခြေခံတဲ့ ခေတ်သစ်ဆီသို့ လျှောက်လှမ်းနေပါပြီ’’ လို့ ကြေညာခဲ့ပါတယ်။

 

တပ်ဆုတ်တာကို ငြိမ်းချမ်းစွာ လုပ်ဆောင်ချင်တာကြောင့် လာမယ့် ရက်သတ္တပတ်များအတွင်း အာဏာသိမ်းသူများနဲ့ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ကြောင်း မက်ခရွန်က ဆိုပါတယ်။

 

ပြင်သစ်ဟာ နိုင်ဂျာနိုင်ငံ ဆာဟယ်ဒေသမှာ ဂျီဟတ်ဒ်ဆန့်ကျင်ရေး တပ်နေရာချထားခြင်းအဖြစ် တပ်သား ၁,၅၀၀ ခန့် ထားရှိထားတာဖြစ်ပါတယ်။

 

ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက်ဘာဇွန်းမ်ကို အာဏာဖြုတ်ချပြီးနောက် ပြင်သစ်သံအမတ် ဆယ်လ်ဗိန်းအစ်ထယ်ကို နိုင်ဂျာစစ်ခေါင်းဆောင်များက တိုင်းပြည်မှ ထွက်ခွာခိုင်းခဲ့ပါတယ်။

 

၄၈ နာရီအတွင်းထွက်ခွာရန် ဩဂုတ်လအတွင်း ရာဇသံထုတ်ပြန်ခဲ့ပေမယ့် ပြင်သစ်အစိုးရက နိုင်ဂျာစစ်ခေါင်းဆောင်များကို တရားဝင်အသိအမှတ် မပြုတာကြောင့် သံအမတ်ကို ဆက်လက်ထားရှိခဲ့ပါတယ်။

 

ဘာဇွန်းမ်ကို စစ်ခေါင်းဆောင်များက ဖမ်းဆီးထိန်းသိမ်းထားကာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ သူ့ကိုပဲ မက်ခရွန်က တရားဝင်ခေါင်းဆောင်အဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

 

ဆာဟယ်ဒေသမှာ နိုင်ဂျာအာဏာသိမ်းမှုအပြင် မာလီ၊ ဘာကီနာဖာဆို၊ ဂီနီယာတို့မှာလည်း မကြာသေးမီနှစ်များအတွင်း အလားတူဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

 

#World_News #နိုင်ဂျာနိုင်ငံ #ပြန်လည်ဆုတ်ခွာ #ပြင်သစ်သမ္မတဆုံးဖြတ်
Source: DW