Published 20 September 2023

 ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖင်တို့ဟာ အောက်တိုဘာလအတွင်း ပေကျင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ရုရှားဘက်က စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒါဟာ ယူကရိန်းမှ ကလေးများကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဖြစ်ရပ်ကြောင့် ပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း သူ့ရဲ့ပထမဆုံး နိုင်ငံရပ်ခြားခရီးစဥ် ဖြစ်လာမှာပါ။

ရုရှားနဲ့ တရုတ်ကို သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းနေတဲ့ အနောက်နိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိုနှစ်နိုင်ငံအနေဖြင့် ပိုမိုလေးနက်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့ ပူတင်ရဲ့ အနီးကပ်မိတ်ဖက်ဖြစ်သူ နီကိုလိုင်ပက်ထရူရှက်ဗ်က ပြောပြခဲ့ပါတယ်။

ပေကျင်းမှာ တွေ့ဆုံမယ့် ဆွေးနွေးပွဲမှာ စေ့စပ်သေချာစွာ ပြောဆိုသွားမှာဖြစ်ကြောင်း ပက်ထရူရှက်ဗ်က တရုတ်ထိပ်သီးသံတမန် ဝမ်ယိနဲ့ ရုရှားမှာ တွေ့ဆုံဆွေးနွေးစဥ် ပြောကြားခဲ့ကြောင်းကို အင်တာဖက်စ်နယူးသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရှီကျင့်ဖင်ရဲ့ ဖိတ်ကြားချက်ဖြင့် တတိယအကြိမ်မြောက် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်း ဖိုရမ်သို့ ပူတင်က တက်ရောက်ဦးမှာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် ရက်ပိုင်းအလိုက ယူကရိန်းမှ ရာနဲ့ချီတဲ့ကလေးတွေကို တရားမဝင် ပြည်နှင်ဒဏ်ပေးတယ်ဆိုပြီး သံသယရှိတာကြောင့် ပူတင်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)က ဖမ်းဆီးမိန့် ထုတ်ပြန်ထားပါတယ်။

ရုရှားဘက်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆန်ကာ အနောက်နိုင်ငံက ICC ရှေ့နေနဲ့ တရားသူကြီးတွေထံမှာ ထိုရာဇဝတ်မှုဖွင့်ခဲ့တာဖြစ်ပြီး အဆိုပါဖမ်းဝရမ်းဟာ အနောက်တိုင်းက ပူတင်ကို ရန်လိုနေတဲ့ အထောက်အထား ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ယူကရိန်းကို ရုရှားတို့ အင်ပြည့်အားပြည့် တိုက်ခိုက်ခဲ့ရာမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး စစ်ပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ၁၉၆၂ ကျူးဘားဒုံးကျည်ကိစ္စနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတို့ကြား အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပူတင်က ရှီကျင့်ဖင်ဘက်ကို အားကိုးလာကာ ရှီကျင့်ဖင်ကလည်း ပူတင်ဘေးကနေ ရပ်တည်နေပါတယ်။

တရုတ်-ရုရှား ကုန်သွယ်ရေးက ယူကရိန်းစစ်ပွဲဖြစ်ကတည်းက မြင့်တက်နေပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများသို့ ရေနံမရောင်းရတော့တဲ့ ရုရှားဟာ တရုတ်အပါအဝင် အာရှအင်အားကြီးနိုင်ငံများထံ ရေနံအမြောက်အများ ရောင်းချထားပါတယ်။

ယူကရိန်းစစ်မတိုင်ခင် ၂၀၂၂ ဖေဖော်ဝါရီလက ပူတင်ဟာ တရုတ်သို့ နောက်ဆုံးခရီးသွားရောက်ခဲ့ဖူးပြီး နှစ်နိုင်ငံကြား အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေး ထူထောင်မယ်လို့ ကြေညာခဲ့ပေမယ့် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့တာ မဟုတ်ဘူးလို့တော့ ဆိုခဲ့ပါတယ်။

ယူကရိန်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်က ရှုတ်ချခြင်း မပြုလုပ်သလို ကျူးကျော်တယ်လို့လည်း မသုံးနှုံးထားပါဘူး။

CIA ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်က ယခုနှစ်အစောပိုင်းက ပြောကြားရာမှာ ရုရှားက တရုတ်ကို ပိုပိုပြီးတော့ မှီခိုလာရကာ စီးပွားရေးဘက်မှာ ကိုလိုနီပြုခံလာရမယ့် အန္တရာယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
Source: CNA.
#World_News
#YMG #Yangon_Times #Yangon_Media_Group