Published 6 September 2023

ရုရှားနဲ့ မြောက်ကိုရီးယားတို့ လက်နက်ညှိနှိုင်းရေးကိစ္စက ခရီးပေါက်နေပြီဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက စက်တင်ဘာ ၅ ရက်နေ့က ပြောကြားခဲ့ကာ ယူကရိန်းစစ်ပွဲမှာ ရုရှားတို့အသုံးပြုရန် လက်နက်တွေ ထောက်ပံ့ပါက မြောက်ကိုရီးယားအနေနဲ့ တန်ကြေးပေးဆပ်ရလိမ့်မယ်လို့ ခေါင်းဆောင်ကင်မ်ဂျုံအန်းကို သတိပေးလိုက်ပါတယ်။

ရုရှားကို လက်နက်ထောက်ပံ့ပါက မြောက်ကိုရီးယားရဲ့ အကျိုးဆက် ကောင်းမွန်မှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ပေးဆပ်ရလိမ့်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ခ်ဆာလီဗန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကင်မ်ဂျုံအန်းက ယခုလအတွင်း ရုရှားသို့လာရောက်ကာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံပြီး လက်နက်ထောက်ပံ့ရေးကိစ္စများ ဆွေးနွေးမယ်လို့ အမေရိကန်အရာရှိများမှ ဖော်ပြထားချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူးလို့ ရုရှားအစိုးရအဖွဲ့က အင်္ဂါနေ့အစောပိုင်းက ပြောကြားလိုက်ပါတယ်။

ကင်မ်ဂျုံအန်းက ခေါင်းဆောင်ပိုင်း လူချင်းတွေ့ပြီး လက်နက်ကိစ္စ ဆက်လက်ဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆာလီဗန်က ဆိုပါတယ်။

ရုရှားကို သူတို့ကာကွယ်ရေးအခြေစိုက်စခန်းမှာ ဆက်လက်ဖိအားပေးထားတာကြောင့် ရုရှားဟာ အခုအချိန်မှာ ရသမျှ လက်နက်ခဲယမ်းတွေက ရရှိရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းပြည်သူတွေကို အသက်သေစေနိုင်တဲ့ လက်နက်တွေ ရုရှားကို မထောက်ပံ့ဘူးလို့ လူအများထံ ကတိပြုထားတာကို မြောက်ကိုရီးယားအနေနဲ့ လိုက်နာပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်ဝက်ဆန်က ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ဟာ တွေ့ဆုံရန် စီစဥ်နေတယ်လို့ ပြောကြားလိုက်တဲ့အပြင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတို့မှ အရာရှိတွေကလည်း ကင်မ်ဂျုံအန်းဟာ ဖြစ်နိုင်ရင် လာမယ့်သီတင်းပတ်အတွင်း ပူတင်နဲ့ တွေ့ဆုံရန် ရုရှားသို့သွားရောက်ဖို့ စီစဥ်နေတယ်ဆိုတဲ့ ပြောကြားချက်ကို နယူးယော့ခ်တိုင်းမ်စ် သတင်းဌာနက ဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို ရှောင်ကြဥ်သူတွေ တိုးများလာသဖြင့် မြောက်ကိုရီးယားကို ရုရှားက အရေးပါတဲ့သူအဖြစ် ရှုမြင်နေတယ်လို့ နိုင်ငံရေးသုံးသပ်သူများက ဆိုပါတယ်။

မြောက်ကိုရီးယားဘက်က ကြည့်ရင် ဆိုဗီယက်ပြည်ထောင်စု ကာလတုန်းကလောက် ဆက်ဆံရေးရင်းနှီးနေတော့တာ မဟုတ်ပေမယ့် အခုအချိန် ရုရှားက မိတ်ဖက်လိုအပ်နေတဲ့ အချိန်မှာတော့ အကျိုးခံစားခွင့်တွေ ရယူနေတာဖြစ်ပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times