Published_ 4 September 2023

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီရက်ဇ်နီကော့ဗ်ရဲ့ နေရာကို အစားထိုးခန့်အပ်ရန် စီစဥ်နေကြောင်း စက်တင်ဘာ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒါဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ချဥ်းကပ်ပြောင်းလဲမှု တစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အိုလက်ခ်ဆီရက်ဇ်နီကော့ဗ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကြီးမှာ ရက်ပေါင်း ၅၅၀ ကျော်ကြာအောင် ဖြတ်သန်းခဲ့ကြောင်း၊ စစ်ပွဲပေါ် ချဥ်းကပ်ပုံအသစ်တွေ၊ စစ်ဘက်ဆိုင်ရာမှာရော လူမှုအသိုင်းအဝိုင်းမှာပါ အခြားသော ဆက်ဆံလုပ်ကိုင်ရေးပုံစံမျိုးတွေ လိုအပ်နေတယ်လို့ ယုံကြည်ကြောင်း ဇယ်လန်စကီက ညနေခင်းမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ရက်ဇ်နီကော့ဗ်နေရာမှာ အစားထိုးမယ့်လူအဖြစ် ယမန်နှစ်က တိုင်းပြည်ဘဏ္ဍာရန်ပုံငွေအဖွဲ့မှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ခရိုင်းမီးယားတာတာလူမျိုး ရပ်စ်တမ်အူမာရော့ဗ်ကို အမည်တင်ပြခဲ့ပါတယ်။

ယခုဆိုရင် အူမာရော့ဗ်က ကာကွယ်ရေးဝန်ကြီးဌာနရဲ အကြီးအကဲ ဖြစ်သင့်ကြောင်း၊ ပါလီမန်အနေနဲ့ သူ့ကို ထောက်ခံဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

ဒီလိုကြေညာချက်ကြောင့် ၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခစစ်ပွဲအတွင်း ယူကရိန်းကာကွယ်ရေးဌာနမှာ အကြီးမားဆုံး လှုပ်ခတ်မှုကြီး ဖြစ်လာဖွယ်ရှိပါတယ်။

၂၀၂၁ နိုဝင်ဘာလမှာ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ရက်ဇ်နီကော့ဗ်က စစ်ပွဲအတွက် အနောက်တိုင်းမှ စစ်ရေးကူညီမှု ဒေါ်လာဘီလီဘံနဲ့ချီ ရရှိစေရန် ကူညီနိုင်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ပြောင်းလဲဖို့က ပါလီမန်လွှတ်တော်မှ အတည်ပြုရမှာဖြစ်ပြီး အခုကိစ္စမှာ ဥပဒေပြုအမတ်အများစုမှ ထောက်ခံသွားဖွယ်ရှိနေပါတယ်။

ပါလီမန်အနေနဲ့ အူမာရော့ဗ်ကို ခန့်အပ်ရန် အသိအမှတ်ပြုမယ်လို့ ဇယ်လန်စကီက မျှော်မှန်းထားပါတယ်။

ဇယ်လန်စကီအနေနဲ့ အခြားစီမံကိန်းနေရာတွေမှာ တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းလာပါက ရက်ဇ်နီကော့ဗ်က လက်ခံသွားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးများ ဆောင်ရွက်နေစဥ် ရက်ဇ်နီကော့ဗ်ကို ရာထူးမှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဟာ ဥရောပသမဂ္ဂလိုမျိုး အနောက်တိုင်းအဖွဲ့အစည်းများထံ ဝင်ရောက်ရန် ကြိုးပမ်းနေတာကြောင့် အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ လိုအပ်နေပါတယ်။

နိုင်ငံတကာ အကျင့်ပျက်ခြစားမှု ဖော်ပြခြင်းညွှန်းကိန်းများအရ စုစုပေါင်းအဆင့်သတ်မှတ်ချက် ၁၈၀ မှာ ယူကရိန်းက ၁၁၆ မှာရပ်တည်နေပါတယ်။

ရက်ဇ်နီကော့ဗ်ကို အကျင့်ပျက်မှုဖြင့် စွပ်စွဲထားတာမျိုး မရှိပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ စစ်တပ်အတွက် ပစ္စည်းများ အမြတ်ထုတ်ခြင်းကိစ္စများ ရှိနေတယ်လို့ သိရပါတယ်။
Source: WION
#Ukraine_Crisis
#YMG #Yangon_Times