#Ukraine_Crisis
Published 21 July 2023


ယူကရိန်းထိုးစစ်လမ်းကြောင်းမှာ ပိတ်ဆို့ထားတဲ့ ရုရှားတပ်များရှိတဲ့နေရာတွေကို ဖြိုခွဲဖို့အတွက် ယူကရိန်းတပ်များဟာ အမေရိကန်မှ ထောက်ပံ့ပေးထားတဲ့ ပြန့်ကျဲဗုံးများ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ယူကရိန်းအရာရှိများနှင့် နီးစပ်သူများရဲ့ ပြောကြားချက်ကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

 

ထိုလက်နက်တွေဟာ အရပ်သားတွေအတွက်ပါ အန္တရာယ်များတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ထားပြီး အခုလိုမျိုး အသုံးပြုတဲ့အပေါ် အငြင်းပွားမှုတွေ ရှိလာပါတယ်။

 

အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒင်'က လက်နက်တင်ပို့ခြင်း ကန့်သတ်ချက်အချို့ကို ကျော်လွန်ပြီး ဒီလိုလက်နက်တွေကို ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို နောက်ထပ်လက်နက်တွေ မရသေးတဲ့အချိန်အထိ ယူကရိန်းစစ်ရေးအားထုတ်မှုတွေကို ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

 

ယူကရိန်းက ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေတဲ့ နယ်မြေများမှာ ယူကရိန်းထိုးစစ်ဆင်မှုကို နှောင့်နှေးစေတဲ့ ရုရှားတပ်များကို တိုက်ခိုက်ဖို့အတွက် အဆိုပါပြန့်ကျဲဗုံးတွေ အသုံးပြုတာဖြစ်ကြောင်း ယူကရိန်းအရာရှိများက ဆိုပါတယ်။

 

ထိုလက်နက်များဖြင့် လက်နက်အင်အား၊ တပ်ဖွဲ့အင်အား သိသိသာသာ နည်းပါးခြင်းအခြေအနေမှာ တန်ပြန်အသာရစေနိုင်မယ်လို့ အရာရှိများက ဆိုပါတယ်။

 

ဗုံးများကို ယူကရိန်းအရှေ့တောင်ပိုင်း ရှေ့တန်းနေရာတွေမှာသာမက ရုရှားတို့ထိန်းချုပ်ထားတဲ့ ဘက်ခ်မွတ်မြို့အနီးမှာလည်း အသုံးပြုနေကြောင်း တာဝန်ရှိသူများရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများက ဖော်ပြနေကြပါတယ်။

 

ဒီလက်နက်တွေကို ယူကရိန်းသို့ ပေးပို့ရန် ဘိုင်ဒင်က ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့များ၊ ဥရောပမဟာမိတ်များ၊ အချို့သော ဒီမိုကရက်တွေက ဆန့်ကျင်နေကြပါတယ်။

 

ထိုဗုံးတွေထဲကနေ ဗုံးအသေးအမွှားများစွာက ပြန့်ကျဲထွက်သွားကာ အရပ်သားတွေအတွက် ဘေးအန္တရာယ်များစေတဲ့အပြင် စစ်ပွဲများပြီးသည့်တိုင်အောင် မပေါက်ကွဲဘဲ ကျန်ရှိနေနိုင်တာကြောင့် နိုင်ငံပေါင်း ၁၂၀ ကျော်မှာ တားမြစ်ထားပါတယ်။

 

ရုရှားသမ္မတ 'ဗလာဒီမာပူတင်'က ယူကရိန်းတို့ အဆိုပါလက်နက်အသုံးပြုခြင်းကို သတိပေးလိုက်ကာ အသုံးပြုခဲ့ပါက လက်တုန့်ပြန်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

 

၂၀၂၂ ကျူးကျော်ချိန်ကစလို့ ရုရှားတို့ဟာလည်း ယူကရိန်းနေရာအများအပြားမှာ အဆိုပါဗုံးများကို အကြိမ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်တာကို သတိပြုသင့်တယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

 

ယူကရိန်းက လူနေထူထပ်ရာနေရာတွေမှာ ထိုလက်နက်တွေ အသုံးပြုမှာမဟုတ်ကြောင်း၊ အသုံးပြုပြီးနောက် ထိုနေရာတွေမှာ ရှင်းလင်းရေးသေချာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အခိုင်အမာဆိုထားပါတယ်။

 

#Ukraine_Crisis #ယူကရိန်းတို့ပြန့်ကျဲဗုံးများအသုံးပြု၍ရုရှားတပ်များကိုတိုက်ခိုက်
Source: WION