#World_Politics
Published 4 July 2023


ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဆယ်စုနှစ်တွေကြာအောင် ရှိနေဦးမှာဖြစ်ပြီး ယူကရိန်းနဲ့ ပဋိပက္ခဖြစ်နေတာကလည်း အမြဲတမ်းဆက်ရှိနေဦးမယ်လို့ ရုရှားသမ္မတဟောင်း'ဒမစ်ထရီမက်ဗီဒက်ဗ်'က သတိပေးလိုက်ပါတယ်။

 

တစ်ချိန်တုန်းက မက်ဗီဒက်ဗ်ကို အနောက်တိုင်းမှာ လစ်ဘရယ်ခေတ်ဆန်သူအဖြစ် သတ်မှတ်ခဲ့ကြပြီး ယမန်နှစ် ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ ရုရှားဘက်မှ ထုတ်ဖော်ပြောဆိုမှု အများဆုံးပြုလုပ်သူ ဖြစ်လာခဲ့ပါတယ်။

 

အခုအချိန်မှာ လုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်နေပြီး သူ့ရဲ့ရှုမြင်ပုံတွေက ရုရှားထိပ်သီးအဆင့်မှ အတွေးအခေါ်အချို့အတိုင်း ဖော်ပြနေတယ်လို့ ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

 

၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာကိစ္စဖြစ်စဉ်အတွင်း ကမ္ဘာကြီးက နျူကလီးယားစစ်ပွဲအသွင် ပြောင်းလဲလာခါနီး အချိန်တုန်းကထက် ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ တင်းမာမှုက များစွာပိုမိုဆိုးရွားနေကြောင်း အစိုးရပိုင်သတင်းစာမှာ ဆောင်းပါးဖော်ပြထားပါတယ်။

 

နျူကလီးယားစစ်ပွဲက ဖြစ်လာနိုင်ချေရှိပေမယ့် အနိုင်ရမယ့်သူ ရှိလာမှာမဟုတ်ကြောင်း၊ ယူကရိန်းကို အနောက်နိုင်ငံမှ ထောက်ပံ့ကူညီနေခြင်းက နျူကလီးယားပဋိပက္ခ ဖြစ်လာနိုင်ချေများစေကြောင်း မက်ဗီဒက်ဗ်က အကြိမ်ကြိမ်ဆိုခဲ့ပါတယ်။

 

အသီးသီးသော နိုင်ငံရေးသမားတွေ ဝန်မခံချင်တာတစ်ခုကတော့ ဒီလိုစစ်ဘေးကြီး ဖြစ်နိုင်ချေရှိရုံတင်မဟုတ်ဘဲ အတော်လေး ဖြစ်နိုင်ချေရှိတယ်ဆိုတာပါပဲလို့ ဖော်ပြထားပါတယ်။

 

မက်ဗီဒက်ဗ်ရဲ့ နျူကလီးယားခြိမ်းခြောက်မှု ရည်ရွယ်ချက်က အနောက်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးထောက်ပံ့ကူညီရာမှာ လျှော့ချစေဖို့နဲ့ ထိုအစား ရုရှားဘက်ယိမ်းပြီး ငြိမ်းချမ်းရေးစတင်ဆွေးနွေးရန် ဖြစ်တယ်လို့ အနောက်တိုင်းသုံးသပ်သူများက ဖော်ပြခဲ့ပါတယ်။

 

အနောက်တိုင်းနိုင်ငံအများအပြားက ယူကရိန်းအနေနဲ့ ကိုယ်တိုင်ကာကွယ်နိုင်အောင် ကူညီလျက်ရှိပြီး ဘယ်လောက်ကြာမြင့်သည်ဖြစ်စေ ယူကရိန်းဘက်ကရှိနေမယ်လို့ ကတိပြုထားပါတယ်။

 

ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အများဆုံးကူညီထောက်ပံ့နေတဲ့ အမေရိကန်ကတော့ နျူကလီးယားစစ်ပွဲအန္တရာယ်ကို ရှောင်ရှားချင်တာကြောင့် ရုရှားနဲ့ တိုက်ရိုက်ရင်ဆိုင်လိုခြင်းမရှိကြောင်း ပြောကြားထားပါတယ်။


ယူကရိန်းဘက်ကတော့ သူတို့နယ်မြေကနေ ရုရှားစစ်သားတွေ မထွက်ခွာသေးရင် ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ကြောင်း ဆိုထားပါတယ်။

 

နေတိုး(NATO)အဖွဲ့အစည်းထဲ ယူကရိန်းဝင်ရောက်ဖို့ကို ရုရှားကရပ်တန့်ဖို့ ကြိုးစားနေဆဲလည်းဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။

 

ရုရှားနဲ့ အနောက်နိုင်ငံကြား တင်းမာမှုလျှော့ချနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ခက်ခက်ခဲခဲဖြင့် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း ပြောပြသွားပါတယ်။

 

Source: CNA #World_Politics #ယူကရိန်းပဋိပက္ခကလည်းအမြဲဆက်ရှိနေဦးမည်
#Yangon_Time #YMG