#Asia_Politics
Published_ 31 May 2023

ထိုင်းနိုင်ငံမှ Move Forward Party (MFP) ပါတီဦးဆောင်တဲ့ ပါတီ ၈ ခုမဟာမိတ်အဖွဲ့ဟာ အာဏာကူးပြောင်းရေးပြင်ဆင်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကာ ဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'ကတော့ မဆီလျော်တဲ့လုပ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။

ပရာချာချတ်ပါတီရုံးချုပ်မှာပြုလုပ်တဲ့ ညွန့်ပေါင်းအစည်းအဝေးအပြီး MFP ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း'ပီတာလင်ဂျာရိုအင်ရတ်'တို့က အသွင်ကူးပြောင်းညှိနှိုင်းရေးကော်မတီဖွဲ့စည်းလိုက်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ပါတီ ၈ ခုစလုံးမှ ခေါင်းဆောင်တွေက မစ္စတာ'ပီတာ' ဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတည်ဆောက်ရန် သဘောတူညီခဲ့ကြပါတယ်။

ကူးပြောင်းညှိနှိုင်းရေးကော်မတီအပြင် လျှပ်စစ်၊ ဒီဇယ်၊ စွမ်းအင်ဈေးနှုန်းများ၊ မိုးခေါင်ရေရှားမှု၊ အယ်လ်နီညိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းအဖွဲ့အစည်း ၇ ခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့အစည်းတစ်ခုစီမှာ ပါတီ ၈ ခုမှ ကိုယ်စားလှယ်များပါဝင်ပြီး တိုးတက်မှုပိုင်းမှာ နောက်ဆုံးရရှိသတင်းတွေကို ကူးပြောင်းညှိနှိုင်းရေးကော်မတီထံပေးအပ်ရန် ပုံမှန်အစည်းအဝေးများ ကျင်းပမှာဖြစ်ပါတယ်။

အပြီးသတ်မူဝါဒများကို လွှတ်တော်မှာကြေညာပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်နှစ်ခုစလုံးက အကောင်အထည်ဖော်မှာဖြစ်ကြောင်း မစ္စတာပီတာက ပြောကြားခဲ့ပါတယ်။

ယင်းတို့ရဲ့လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နေပြီး ပြည်သူတွေရဲ့ပြဿနာများကို တတ်နိုင်သမျှအကောင်းဆုံးဖြေရှင်းနိုင်ရန် အတူတကွလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အမှုဆောင်ဌာနခွဲအတွင်း ရာထူးနေရာလွှဲပြောင်းခြင်းက ပြည်သူတွေရဲ့အကျိုးစီးပွားကို အမြဲဦးစားပေးသွားမယ်လို့လည်း ဆိုပါတယ်။

MFP ရဲ့ကူးပြောင်းရေးအစီအစဉ်များအကြောင်း သတင်းထောက်တွေက ဗိုလ်ချုပ်ကြီးပရာယွတ်ကိုမေးမြန်းခဲ့ရာ ယင်းက ထိုလှုပ်ရှားမှုကိုဝေဖန်လိုက်ကာ အစိုးရအေဂျင်စီကိုယ်စားလှယ်များနဲ့ တွေ့ဆုံရန် အစီအစဉ်များကို သတိပေးလိုက်ပါတယ်။

MFP က ရွေးကောက်ပွဲအနိုင်ရပေမယ့် အစိုးရအဖွဲ့ထဲ မရောက်ရှိသေးပါဘူး။

ဒါဟာ ဆီလျော်မှုမရှိဘဲ အစိုးရအဖွဲ့အစည်းတွေဟာ လက်ရှိအစိုးရအောက်မှာပဲ ရှိသေးတာဖြစ်ပြီး အနာဂတ်မှာ ကူးပြောင်းရေးအစီအစဉ်အတွက် အချက်အလက်များပြင်ဆင်သွားမှာဖြစ်တယ်လို့ ပရာယွတ်ကဆိုပါတယ်။

MFP အနေနဲ့ ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ အစိုးရအဖွဲ့အစည်းများနဲ့တွေ့ဆုံရန် မသင့်လျော်ကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တုန့်ပြန်ပုံများအကြောင်းမေးမြန်းခဲ့ရာ အစိုးရအသစ်ရုပ်လုံးပေါ်လာတဲ့အထိ စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Bangkok Post
#Asia_Politics #ထိုင်းနိုင်ငံ #အာဏာလွှဲပြောင်းရေး #ထိုင်းဝန်ကြီးချုပ်ဝေဖန်
#YMG #Yangon_Media_Group