#World_Science
Published 30 May 2023

မာဆာချူဆက်နည်းပညာတက္ကသိုလ်နဲ့ မက်မာစတာတက္ကသိုလ်တို့မှ သုတေသီတို့က AI ဉာဏ်ရည်တုနည်းပညာကိုအသုံးပြုကာ ဆေးယဉ်ပါးရောဂါပိုးကူးစက်မှုဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်မယ့် ပဋိဇီဝဆေးအသစ်ကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။

အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေး​ရောင်ရောဂါနဲ့ အခြားရောဂါကူးစက်မှုများဖြစ်စေပြီး ဆေးရုံတွေမှာတွေ့ရတတ်တဲ့ Acinetobacter baumannii ဘက်တီးရီးယားကို အဆိုပါဆေးက ကူညီတိုက်ဖျက်နိုင်ဖွယ်ရှိပါတယ်။

ထိုဘက်တီးရီးယားကပဲ ဒဏ်ရာရတပ်သားများမှာ ရောဂါပိုးကူးစက်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်နေပါတယ်။

A. baumannii ဘက်တီးရီးယားကြီးထွားမှုကို ဟန့်တားနိုင်ခြင်းရှိမရှိ အကဲဖြတ်ပေးဖို့ ဖန်တီးလေ့ကျင့်ပေးထားတဲ့ AI ကိုအသုံးပြုပြီး ဆေးဒြပ်ပေါင်း ၇ ထောင်ခန့်ထဲမှ ဆေးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။

Acinetobacter က အတွေ့များတဲ့ဘက်တီးရီးယားဖြစ်ပြီး ဆေးရုံတံခါးလက်ကိုင်တွေ၊ ပစ္စည်းကိရိယာတွေမှာ အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်ကာ ပတ်ဝန်းကျင်မှ ပဋိဇီဝယဉ်ပါးမျိုးရိုးဗီဇတွေ ရရှိလာပါတယ်။

AI နည်းပညာဖြင့်လေ့ကျင့်သင်ယူတဲ့နည်းလမ်းဟာ ဓာတုနေရာလွတ်များကို အလျင်အမြန်ရှာဖွေနိုင်ကာ ဘက်တီးရီးယားဆန့်ကျင်မော်လီကျူးအသစ်တွေကို ရှာတွေ့နိုင်ချေများပါတယ်။

ဆေးမျိုးစုံယဉ်ပါးနေတဲ့ လူတွေရဲ့နံပါတ် ၁ ရန်သူ Acinetobacter ကို အဓိကအာရုံစိုက်နေကြပါတယ်။

သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ A. baumannii ကိုမွေးမြူကာ မတူညီတဲ့ ဓာတုဒြပ်ပေါင်း ၇,၅၀၀ နဲ့ထိတွေ့စေပြီး ဘယ်ဟာက ဘက်တီးရီးယားဖွံ့ဖြိုးမှုကို တားဆီးနိုင်လဲဆိုတာကို လေ့လာခဲ့ပြီး မော်လီကျူးတစ်ခုစီရဲ့တည်ဆောက်ပုံကို AI မှာထည့်သွင်းခဲ့ပါတယ်။

ကြွက်တွေမှာစမ်းသပ်ရာမှာ abaucin လို့အမည်ပေးထားတဲ့ဆေးက A. baumannii ကြောင့်ဖြစ်တဲ့ကူးစက်ဒဏ်ရာတွေကို ကုသပေးပြီး အခြားဆေးယဉ်ပါးကူးစက်မှုများမှာလည်း အလုပ်ဖြစ်ပါတယ်။
Source: India Today
#World_Science #ဆေးယဉ်ပါးရောဂါပိုး #ရှားပါးပဋိဇီဝဆေး #AIနည်းပညာ
#YMG #Yangon_Media_Group