Published 23 May 2023

ကမ္ဘောဒီးယားမှာရှိတဲ့ နိုင်ငံခြားသံအမတ်အချို့ဟာ သူ့ကိုရှေ့မှာလက်ဆွဲနှုတ်ဆက်နေကြပေမယ့် နောက်ကွယ်မှာ နောက်ကျောကို ဓားနှင့်ထိုးနေကြတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြင်းထန်စွာဝေဖန်ပြောဆို လိုက်ပါတယ်။

မေ၂၂ရက်က သီဟာနုဗီလီ အထူးစီးပွားရေးဇုန်မှာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်အစီအစဉ် ၁၀နှစ်ပြည့်အထိမ်း အမှတ်အဖြစ် တာယာစက်ရုံအသစ်တစ်ခုဖွင့်ပွဲမှာ သူက ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ကမ်ဆိုခါ Kem Sokha ကိုလွှတ်ပေးဖို့ ကျွန်တော်က ဘုရင်မင်းမြတ်နှင့် တရားရုံးကိုပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်ပြီး စော်ကားမော်ကားလုပ်နေကြတဲ့ သံတမန်အချို့ကို ကျွန်တော်မယုံလို့ပဲ။ အဲဒါကြောင့် သူ့ကို ကျွန်တော် ခွင့်လွှတ်မပေးနိုင်ဘူး။ ဒါကို အချို့သံတမန်တွ နားလည်သင့်တယ်။  ကမ္ဘောဒီးယားမှာ သံတမန်လုပ်နေကြတဲ့  နိုင်ငံခြားသားတွေကို ကျွန်တာ် အယုံအကြည်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့်ကိုစော်ကားတယ်။ ကျွန်တော့်ရဲ့ အချုပ်အခြာနှင့် နိုင်ငံကိုစော်ကားတယ်” လို့ မစ္စတာဟွန်ဆန်ကပြောပါတယ်။

“ အဲဒါကြောင့် သူတို့နှင့် ကျွန်တော်အလုပ်မလုပ်နိုင်ဘူး။ ခင်ဗျားတို့က ကမ္ဘောဒီးယားမှာ အလုပ်လုပ်ချင်ကြတာလား။ ဒါမှမဟုတ် အတိုက်အခံအုပ်စုလူနည်းနည်းလေးနှင့် အလုပ်လုပ်ချင်ကြတာလား” လို့ သူက ဆက်ပြောပါတယ်။

“လက်ရှိအခြေအနေနှာ အချို့သော နိုင်ငံခြားသံတမန်တွေဟာ အတိုက်အခံအုပ်စု အနည်းငယ်ကလေးကို အာရုံစိုက်ထား ကြတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအဖြစ်နှင့် နိုင်ငံ့ခေါင်းဆောင်အပေါ်အာရုံမစိုက်ဘူး” လို့သူကပြောပါတယ်။

နိုင်ငံခြားမိတ်ဆွေတွေဟာ ကမ္ဘောဒီးယားရဲ့ ငြိမ်းချမ်းရေးနှင့်လွတ်လပ်ရေးအတွက် ကမ္ဘောဒီးယားပြည်သူတွေရဲ့ ဆန္ဒကို လေးစားရလိမ့်မယ်လို့ သူယုံကြည်တယ်လို့လည်းဆိုပါတယ်။

ဒါဟာ နိုင်ငံခြားသားတွေရဲ့ ပြဿနာမဟုတ်ဘူး။ ဒါဟာ ကမ္ဘောဒီးယားရဲ့ ပြည်တွင်းပြဿနာဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ပြဿနာကို ကမ္ဘောဒီးယားကပဲ ကိုယ်တိုင်ဖြေရှင်းသင့်တယ်” လို့ သူကပြောပါတယ်.

Source Khmer Times

#ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်

#ကမ္ဘောဒီးယားနိုင်ငံရေး

#YangonMediaGroup