#ASEAN_Politics
Published_ 15 May 2023

ထိုင်းနိုင်ငံမှ အတိုက်အခံပါတီများဟာ ရွေးကောက်ပွဲအကြိုမဲကောက်ခံမှုတွေမှာ စောစီးစွာဦးဆောင်ထားနိုင်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး အာဏာရထားတဲ့ ထိုင်းစစ်တပ်နဲ့ဆက်စပ်နေတဲ့ ကွန်ဆာဗေးတစ်ပါတီတွေအပေါ် အသာရနေပါတယ်။

တနင်္ဂနွေနေ့ကရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရရှိခဲ့ပြီး မဲဆန္ဒနယ်နေရာ ၄၀၀ ကိုတိုက်ရိုက်ရွေးကောက်နိုင်ခဲ့ကာ ကျန်နေရာများကတော့ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ခွဲဝေခဲ့ပါတယ်။

၂၀၂၀ ကဖွဲ့စည်းခဲ့တဲ့ Move Forward Party (MFP)ပါတီက မဲဆန္ဒနယ် ၁၁၅ နေရာရရှိရန်နီးစပ်နေပြီး ဘီလျံနာရှီနာဝပ်ထရာမိသားစုနဲ့ ဆက်စပ်နေတဲ့ 'ဖူထိုင်း'အတိုက်အခံပါတီကတော့ မဲဆန္ဒနယ် ၁၁၂ နေရာအနိုင်ရနိုင်ပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ထိုင်းညီညွတ်ရေးအမျိုးသားပါတီကတော့ ၂၅ နေရာရနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

စစ်တမ်းများအရ နောက်ပိုင်းမှာတိုးတက်လာတဲ့ MFP ပါတီက ပထမအကြိမ်မဲဆန္ဒပေးသူ ၃.၃ သန်းအပါအဝင် လူငယ်များအပေါ်အခြေခံထားတာဖြစ်ပြီး ယင်းရဲ့လစ်ဘရယ်လမ်းစဉ်ကို အများအပြားထောက်ခံလာကြပါတယ်။

အဆိုပါလမ်းစဉ်ထဲမှာ လက်ဝါးကြီးအုပ်စိုးခြင်းကို ဖျက်ဆီးခြင်း၊ နိုင်ငံရေးအပေါ် စစ်တပ်ရဲ့အခန်းကဏ္ဍကို ယုတ်လျော့စေခြင်း၊ သဘောထားကွဲလွဲမှုများကို ဆန့်ကျင်ကန့်ကွက်တဲ့ တော်ဝင်မျိုးနွယ်စော်ကားမှုဆိုင်ရာ ဥပဒေများကိုပြင်ဆင်ခြင်းတို့ ပါဝင်ပါတယ်။

တရားဝင်မဟုတ်တဲ့ရလဒ်များအရ အတိုက်အခံပါတီတွေဟာ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်နေပြီး သူတို့ရဲ့အောင်မြင်မှုက ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အစွန်းရောက်ပုံစံများကို ပြုပြင်ပြောင်းလဲချင်နေတဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေပါတယ်။

ဘုရင်မဟာဝါဇီရာလောင်ကွန်းအာဏာ အဆုံးသတ်ရေးနဲ့ စစ်တပ်နောက်ခံပြုအုပ်ချုပ်မှုအဆုံးသတ်ရေးအတွက် ၂၀၂၀ ခုနှစ်က လူငယ်အုံကြွမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။

အတိုက်အခံပါတီတွေ အသာရနေပေမယ့် ဘယ်ပါတီကအုပ်ချုပ်ရမလဲဆိုတာ အာမခံချက်မရှိဘဲ ထိုင်းအစိုးရတပ်မတော်မှရေးဆွဲထားတဲ့ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်အသာရအောင် ဖန်တီးထားတာဖြစ်ပါတယ်။

မဟာမိတ်များ မဖွဲ့စည်းခင်နဲ့ ဝန်ကြီးချုပ်မရွေးချယ်ခင်မှာ နှစ်ဖက်အကြားဆွေးနွေးမှုတွေပြုလုပ်ဦးမယ့် သီတင်းပတ်ဖြစ်လာမယ်လို့ သုံးသပ်သူများက ခန့်မှန်းထားပါတယ်။

ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ပါတီတစ်ခုအနေနဲ့ အနည်းဆုံးနေရာ ၂၅ နေရာရှိရန်လိုအပ်ပြီး ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် လွှတ်တော် ၂ ရပ်စလုံးမှ ၃၇၆ မဲရရန်လိုအပ်ပါတယ်။

အစိုးရတပ်မတော်မှ ခန့်အပ်ထားတဲ့ အထက်လွှတ်တော်ကတော့ တပ်မတော်နဲ့ဆက်စပ်နေတဲ့ ပါတီများကို ထောက်ခံမဲပေးနိုင်ချေရှိနေပါတယ်။

စစ်တမ်းကောက်ခံချက်တွေမှာ ပရာယွတ်ရဲ့ပါတီက ရလဒ်မကောင်းပေမယ့် ဝန်ကြီးချုပ်အဖြစ်ပြန်လာနိုင်သလို ၂၀၁၉ ကလည်း အဆိုပါအထက်လွှတ်တော်ကပင် စစ်တပ်နဲ့ဆက်စပ်နေတဲ့ ပါတီများကိုထောက်ခံမဲပေးကာ ပရာယွတ်နေရာရအောင် တညီတညွတ်တည်း ကူညီခဲ့ကြပါတယ်။

ပါတီတစ်ခုစီမှ အနိုင်ရရှိထားတဲ့ အပြီးသတ်နေရာအရေအတွက်ကို ရက်သတ္တပတ်အတော်ကြာတဲ့အထိ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အတည်ပြုနိုင်ဖွယ်မရှိပါဘူး။
Source: WION
#ASEAN_Politics #(၂၀၂၃)ထိုင်းနိုင်ငံရွေးကောက်ပွဲ #အတိုက်အခံပါတီများအသာရ
#YMG #Yangon_Media_Group