Published 17 April 2023

ကမ္ဘာတဝှမ်းမှနိုင်ငံများအပေါ် အမေရိကန်မှချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုများကြောင့် ဒေါ်လာတန်ဖိုး  ထိခိုက်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး 'ဂျဲနတ်ယယ်လန်'က ပြောကြား လိုက်ပါတယ်။

အမေရိကန်က အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေတဲ့အချိန်မှာ အဆိုပါနိုင်ငံများက အခြား  ရွေးချယ်  စရာငွေကြေးတွေကို ရှာကြံနေကြပြီး အမေရိကန်ဒေါ်လာနဲ့ တိုင်းပြည်ကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ ဆိုပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဒေါ်လာရဲ့အခန်းကဏ္ဍကို ထိခိုက်စေနိုင်တဲ့ ငွေကြေးပိတ်ဆို့မှုတွေကို ဆောင်ရွက်နေတာဟာ အန္တရာယ်များလှပါတယ်လို့ ယယ်လန်က CNN ကို ပြောကြားခဲ့ပါတယ်။

တရုတ်၊ ရုရှား၊ အီရန်တို့အနေနဲ့ အခြားငွေကြေးများ ရွေးချယ်စေဖို့အခွင့်အလမ်းဖြစ်လာပေမယ့် ကမ္ဘာလုံးဆိုင်ရာဒေါ်လာငွေကြေးနေရာမှာ အလွယ်တကူအစားထိုးလို့မရတဲ့ နိုင်ငံတွေလည်းရှိနေကြောင်း ပြောပြခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်များ အတူတကွအသုံးချမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေက အလွန်အရေးပါတဲ့ လက်နက်တစ်ခုဖြစ်ကြောင်း ယယ်လန်က ပြောကြားခဲ့ပါတယ်။

လက်ရှိယူကရိန်းစစ်ပွဲအတွက် ရုရှားကိုထိန်းချုပ်ကန့်သတ်နိုင်စေရန် တရုတ်၊ ယူအေအီး၊ တူရကီလုပ်ငန်းများအပါအဝင် ပစ်မှတ်ပေါင်း ၁၂၀ နီးပါးကို အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဌာနမှ ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပြီး ရက်ပိုင်းမှာပဲ ယယ်လန်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

အမေရိကန်မဟာမိတ်တွေဖြစ်တဲ့ တူရကီနဲ့ ယူအေအီးတို့မှ လုပ်ငန်းများကို အခုအချိန်မှာဒဏ်ခတ်ပိတ်ဆို့တာဟာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။  တင်ပါ

အမေရိကန်ရဲ့လုပ်ရပ်ဟာ တရားမဝင်တဲ့လုပ်ရပ်ဖြစ်ကြောင်း တရုတ်က ထုတ်ပြန်လိုက်ပါတယ်။

"ဒါဟာ တစ်ဖက်သတ်ပိတ်ဆို့အရေးယူတာဖြစ်ပြီး လက်တံရှည်တရားစီရင်ခြင်းတစ်ခုဖြစ်ကာ လုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဆိုးရွားစွာ ထိခိုက်စေတဲ့အပြင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ လုံခြုံရေးနဲ့တည်ငြိမ်မှုကိုလည်း ထိခိုက်စေပါတယ်" လို့ တရုတ်ကဆိုပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယဟာ ရူပီးငွေဖြင့်ကုန်သွယ်ဖို့ နိုင်ငံ ၁၈ နိုင်ငံနဲ့ သဘောတူညီခဲ့ပါတယ်။

အီရန်ကတော့ တရုတ်၊ ရုရှားတို့နဲ့ကုန်သွယ်ရာမှာ ဒေါ်လာအသုံးမပြုတော့ပါဘူး။

Source: WION

#YangonMediaGroup

#အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု

#အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဂျဲနတ်ယယ်လန်

#အမေရိကန်ဒေါ်လာ