#World_Military
Published 24 March 2023

ရန်သူရဲ့ ရေတပ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ရေဒီယိုသတ္တိကြွဆူနာမီကို ဖန်တီးပေးနိုင်တဲ့ ရေအောက်နျူကလီးယားဒရုန်းတစ်ခုကို မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ စမ်းသပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ မြောက်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာမှာ အဆိုပါလက်နက်စနစ်အသစ်ကို ထည့်သွင်းစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကိုရီးယားကျွန်းဆွယ်မှာ မရှောင်လွှဲနိုင်လောက်အောင် တင်းမာမှုမြင့်တက်လာတယ်လို့ မြောက်ကိုရီးယားက အပြစ်တင်နေပါတယ်။

ဒါတွေကြောင့် မြောက်ကိုရီးယားတပ်တွေဟာ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေအတွက် အသင့်ပြင်နေကြပြီး နျူကလီးယားတပ်တွေမှာ အရေအတွက်အရရော အရည်အသွေးအရပါ အခြေခံဦးစားပေးအနေနဲ့ အင်အားဖြည့်တင်းနေကြပါတယ်။

KCNA သတင်းဌာနတင်ပြချက်အရ မြောက်ကိုရီးယားစစ်တပ်ဟာ ဖျက်ဆီးစွမ်းအားအလွန်ကျယ်ပြန့်တဲ့ ဆူနာမီလက်နက်စနစ်ကို နေရာချလိုက်ပြီဖြစ်ပါတယ်။

အဆိုပါရေအောက်ဒရုန်းဟာ ရေအနက် ၈၀ မှ ၁၅၀ မီတာမှာ ၅၉ နာရီ ၁၂ မိနစ်ကြာအောင် မောင်းနှင်နိုင်ခဲ့ပါတယ်။

ဒီရေအောက်နျူကလီးယားဒရုန်းဟာ မည်သည့်ဆိပ်ကမ်း၊ ကမ်းရိုးတန်းမှာမဆို နေရာချနိုင်သလို ရေပေါ်သင်္ဘောနဲ့လည်း ဆွဲထားနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်'က အဆိုပါစစ်ရေးလေ့ကျင့်မှုတွေကို ညွှန်ကြားခဲ့ကာ ဒီလေ့ကျင့်မှုတွေက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို သတိပေးတဲ့အနေဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

အမေရိကန်အရင်းရှင်တွေနဲ့ တောင်ကိုရီးယားရုပ်သေးရုပ်တို့ ရွေးချယ်ရာလမ်းကြောင်းအတိုင်း ကျရှုံးသွားအောင် ပြုလုပ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယားထိပ်ဖူးတပ် ပုံစံတူတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ဗုဒ္ဓဟူးနေ့က စမ်းသပ်ခဲ့ကြောင်း KCNA က အတည်ပြုလိုက်ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားရဲ့ နောက်ထပ်စစ်ရေးတိုက်ခိုက်စွမ်းရည်ကို ဖော်ပြလိုက်တာဖြစ်ပြီး လေထဲဖောက်ခွဲခြင်း၊ ထိန်းချုပ်ရေးကိရိယာတွေအပေါ် အားထားနိုင်စွမ်းကို ဖော်ပြနေတာဖြစ်ပါတယ်။

Source: WION
#Yangon_Media_Group