#WorldNews  
 
Published- 15 October 2021

ထိုင်ဝမ် ရှိ ခေါင်ရှန်ဆိပ်ကမ်းမြို့တွင်းမှ စီးပွားရေးလုပ်ငန်းတိုက်ခန်းအချို့နဲ့ လူနေတိုက်ခန်းတွေပါဝင်တဲ့ အဆောက်အဦးဟောင်းကြီးတစ်ခုဟာ ကြာသပတေးနေ့အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံးလူ ၄၆ ယောက်သေဆုံးပြီး ၄၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အဲဒီ ၁၃ ထပ်ရှိတဲ့အဆောက်အဦးမှာ အခြေခံလူတန်းစားတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်မစွမ်းသူတွေ အများကြီးနေထိုင်နေကြပြီး အခန်းပေါင်း ၁၂၀ မှာ ဘယ်နှခန်းလောက်ပါသွားသလဲဆိုတာတော့ သေချာမသိရသေးဘူးလို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ကိုယ်တွေ့မြင်ခဲ့ရတဲ့သူတွေက အဆောက်အဦးရဲ့ အောက်ထပ်တွေကနေ မီးတောက်တွေထွက်လာပြီး မနက် ၃ နာရီလောက်မှာ ပေါက်ကွဲလိုအသံမျိုး ကြားလိုက်ရတယ်လို့ ဆိုပါတယ်။အဲဒီအဆောက်အဦးမှာ ပိတ်ထားရတဲ့ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်နဲ့ ကာရာအိုကေကလပ်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ထိုအဆောက်အဦးမှာ ၁၅ နှစ်တိုင် နေထိုင်ခဲ့တဲ့ အသက် ၇၀ အရွယ်အမျိုးသမီးကြီးက မနက် ၃ နာရီလောက်မှာ မီးလောင်နေတယ်လို့ အော်သံကြားလိုက်တာကြောင့် အဝတ်တစ်ထည်နဲ့ ဓာတ်လှေကားဖြင့်အောက်ဆင်းလာခဲ့ရတယ်လို့ ဆိုပါတယ်။

"ဘာတစ်ခုမှ မယူလာခဲ့ဘူး။ အသက်မသေအောင်ဘဲ ထွက်ပြေးလာရတယ်" လို့ လောင်ကျွမ်းသွားတဲ့ အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ရင်း မနက်ကအကြောင်းတွေကို ပြန်ပြောင်းပြောဆိုသွားပါတယ်။ လမ်းဟိုဘက်ခြမ်းမှာနေတဲ့ အမျိုးသမီးတစ်ဦးကလည်း "မီးသတ်ကားသံတွေ လူနာတင်ယာဉ်အသံတွေကိုကြားပြီး နိုးလာတယ်။ ကျွန်မတို့အိမ်လည်း မီးလောင်တဲ့ထဲ ပါသွားပြီထင်နေတာ" လို့ ပြောသွားပါတယ်။ မနက် ၇ နာရီလောက်မှ မီးသတ်သမားတွေ မီးငြိမ်းနိုင်ခဲ့ပါတယ်။

အပေါ်ထပ်တွေကတော့ သိပ်ပြီးမပျက်စီးသွားပေမယ့် မီးလောင်ရာကထွက်တဲ့ မီးခိုးငွေ့ကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ရှိခဲ့ပါတယ်။ဒီနောက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားကနေ ကယ်ထုတ်ပေးခဲ့ကြပါတယ်။စစချင်း ဆေးရုံကို ၅၅ ယောက်ပို့ဆောင်ရာမှာ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။ အဆောက်အဦးက ဆွေးမြည့်ပြီး အကျိုးအပဲ့တွေနဲ့ စုပြုံပိတ်ဆို့နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ ခက်ခဲခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ထမ်းတွေက ကရိန်းကနေ လက်ကျန်ပြတင်းပေါက်မှန်တွေကို တူရွင်းဖြင့်ရိုက်ခွဲကာ အဆောက်အဦးပြိုကျမလာအောင် ယာယီစင်ဆောက်ဖို့ စောင့်နေကြပါတယ်။ "ဒုက္ခခံစားရတဲ့ မိသားစုတွေအားလုံးအတွက် ထပ်တူနာကျင်ဝမ်းနည်းရပါတယ်၊ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိပါတယ်" လို့ မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ဦးညွှတ်တောင်းပန်သွားပါတယ်။

မြေညီထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပုံရပေမယ့် တိတိကျကျမသိရသေးကာ မီးစတင်လောင်ကျွမ်းတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။စုံစမ်းရေးတွေက မီးစတင်ဖြစ်ပွားခဲ့တဲ့ ပထမထပ်က လက်ဘက်ရည်ဆိုင်ကို အလေးပေးစုံစမ်းနေပါတယ်။

Source AP News