#World_Military
Published 11 February 2023

 

အလက်စ်ကာပြည်နယ်ပေါ်မှာ ပေအမြင့်ကနေ ပျံသန်းနေတဲ့ အရာဝတ္ထုတစ်ခုကို အမေရိကန်တို့က ပစ်ချခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

 

တရုတ်ရဲ့စပိုင်ပူဖောင်းကိုလည်း အမေရိကန်တို့ပစ်ချခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလိုထပ်မံပစ်ချခဲ့တာဖြစ်ကာ ပြုတ်ကျလာတဲ့အပိုင်းအစတွေကို လိုက်လံဆယ်ယူခဲ့ကြပါတယ်။

 

အမေရိကန် NSC ဗျူဟာမြောက်ဆက်သွယ်ရေးညှိနှိုင်းရေးမှူး 'ဂျွန်ကာဘီ'က ပြောကြားရာမှာ "ကာကွယ်ရေးဌာနက အလက်စ်ကာလေပိုင်နက်ထဲမှာ ပေအမြင့်ကနေပျံသန်းနေတဲ့အရာကို ခြေရာခံစောင့်ကြည့်ခဲ့ပြီး အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ကျလေယာဉ်က မကြာသေးမီက ပစ်ချနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

 

ဒီအဖြစ်အပျက်က ဂရင်းနစ်စံတော်ချိန် ည ၇ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ချလိုက်တဲ့အစအနတွေက အလက်စ်ကာမြောက်ဘက်ပိုင်း အမေရိကန်ပိုင်နက်အာတိတ်သမုဒ္ဒရာထဲသို့ ပြုတ်ကျလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

"အဆိုပါအရာဝတ္ထုက အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာ မသိရသေးပါဘူး၊ ကျွန်ုပ်တို့ပိုင်နယ်မြေထဲရှိ ရေခဲပြင်ပေါ် အပိုင်းအစတွေကျလာတာဖြစ်တဲ့အတွက် ဆယ်ယူရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ၊ အဲဒီကနေ တစ်ခုခုသိရှိရမယ်လို့ မျှော်လင့်နေပါတယ်" လို့ ဆိုပါတယ်။

 

ဒီအရာဝတ္ထုက စနေနေ့ကပစ်ချခဲ့တဲ့ တရုတ်စပိုင်ပူဖောင်းနဲ့ မတူညီဘဲ အရွယ်အစားပိုမိုသေးငယ်ပါတယ်။

 

သိရသလောက်တော့ ကားအသေးအရွယ်အစားမျှသာရှိပြီး ပစ္စည်းတင်ဆောင်တာမျိုး လုပ်နိုင်ဖွယ်မရှိဘူးလို့ ထင်ကြေးပေးခဲ့ပါတယ်။
ထိုအရာဝတ္ထုက အမြင့်ပေ ၄ သောင်းခန့်မှာ ပျံသန်းနေခဲ့တာဖြစ်ပြီး အရပ်ဘက်လေယာဉ်ပျံသန်းမှုတွေကို ခြိမ်းခြောက်နိုင်ဖွယ်ရှိကြောင်း၊ ပင်တဂွန်အကြံပြုချက်အတိုင်း သမ္မတဘိုင်ဒင်က ထိုအရာကိုပစ်ချဖို့ စစ်တပ်ဖို့အမိန့်ပေးခဲ့ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

 

ပြီးခဲ့တဲ့အပတ်က အမေရိကန်လေပိုင်နက်ထဲပျံသန်းခဲ့တဲ့ တရုတ်စပိုင်ပူဖောင်းကို ထောက်ပံ့ပြီး တရုတ်စစ်တပ်နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ဖြစ် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အရေးယူဖို့ကြိုးပမ်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ထိုတရုတ်စပိုင်ပူဖောင်းကို ထုတ်လုပ်သူဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ တိုက်ရိုက်ပတ်သက်နေမယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်၊ မိတ်ဖက်နိုင်ငံများရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ တရုတ်တို့ရဲ့ထောက်လှမ်းရေးလှုပ်ရှားမှုများကို ဖော်ထုတ်နိုင်ရန် ပိုမိုကြိုးပမ်းသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

စပိုင်ပူဖောင်းကို FBI က စုံစမ်းစစ်ဆေးနေပေမယ့် အချက်အလက်အသေးစိတ်တော့ မသိရှိရသေးပါဘူး။

 

Source: WION
#Yangon_Media_Group