Published 6 Feb 2023

တူရကီနှင့် ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ယနေ့ တနင်္လာနေ့က အင်အားအလွန်ပြင်းထန်တဲ့ ပြင်းအား ၇.၈ အဆင့်  ငလျင်ကြီးလှုပ်ရှားသွားရာ လူ၅၀၀ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးအပုံတွေကြားထဲ အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေနေပါတယ်။

ငလျင်ဟာ ဆောင်းမနက်ခင်း အလင်းမလာခင်မှာ လှုပ်ရှားသွားတာဖြစ်ပြီး ဆိုက်ပရပ်စ်နှင့် လက်ဘွနွန်တို့မှာလည်း ငလျင်ဒဏ်ခံစားခဲ့ကြရပါတယ်။

“ ကျွန်မတို့ ပုခက်နှင့်အလွှဲခံလိုက်ရသလိုပဲ။ အိမ်မှာ ကျွန်မတို့ (၉)ယောက်ရှိနေကြတယ်။ ကျွန်မသားနှစ်ယောက် အပျက်အစီးပုံကြားထဲမှာရှိနေတုန်း။ ကျွန်မသူတို့ကိုစောင့်နေတာ” လို့ လက်ကျိုးသွားပြီး မျက်နှာဒဏ်ရာရသွားတဲ့ အမျိုးသမီးကြီးတစ်ဦးက ရိုက်တာကိုပြောပါတယ်။ သူမဟာ တူရကီ အရှေ့တောင်ပိုင်း ဒီယာဘာကီယာမှာနေထိုင်သူဖြစ်ပြီး ပြိုကျနေတဲ့ ခုနှစ်ထပ်တိုက်ကြီးအနီး လူနာတင်ယာဉ်ပေါ်ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီမှာနေလာတာ အနှစ် (၄၀)ရှိပြီ ဒီလိုမျိုးတစ်ခါမျှမကြုံဖူးဘူးလို့လည်း တူရကီနိုင်ငံ ဂါဇီယာတက်ပ်မြို့က အာဒမ်ဆိုသူ ကပြောပါတယ်။ သူ့မြို့ဟာ ငလျင်ဗဟိုချက်အနားမှာတည်ရှိနေပါတယ်။

၂၈၄ ဦးသေဆုံးပြီး ၂၃၂၃ ဦးဒဏ်ရာရခဲ့တယ်လို့ တူရကီ ဒုသမ္မတ ဖူယက်အောက်တေးက ပြောပါတယ်။ ငလျင်ဒဏ်ခံနေ ရတဲ့နေရာတွေကို အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေနှင့် လေယာဉ်တွေစေလွှတ်ထားပြီး အဆင့်(၄) တပ်လှန့် ထားကာ နိုင်ငံတကာအကူအညီတွေတောင်းခံနေပါတယ်။

ဆီရီးယားနိုင်ငံမှာလည်း လူပေါင်း ၂၃၇ ဦးကျော်သေဆုံးပြီး ၆၀၀ခန့်ဒဏ်ရာရတယ်လို့ အစိုးရကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ အများဆုံးထိခိုက်တာက ဟာမာ၊အလက်ပိုနှင့် လာတီကီယားတို့ဖြစ်ပြီး အဆောက်အဦးများစွာပြိုကျပျက်စီးခဲ့ပါတယ်။

Source: Reuters

#Turkey_Syria_Earthquakes

#Strong_Earthquakes_hit_Turkey_Syria

#Turkey_Syria