#World_Military
Published 2 February 2023

 

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ရည်မှန်းချက်များကြီးထွားလာခြင်းကို တန်ပြန်ရန်အတွက် အမေရိကန်က တောင်ကိုရီးယားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ဆောင်ရွက်လာခြင်းအပေါ် မြောက်ကိုရီးယားက အမေရိကန်ကို ကြာသပတေးနေ့မှာ အပြင်းထန်ဆုံး တုန့်ပြန်လိုက်ပါတယ်။

 

ဒါဟာ မဟာမိတ်နိုင်ငံတွေက စည်းကျော်တဲ့အနေအထားရောက်အောင် ပြုလုပ်နေကြတယ်လို့ ဆိုလိုက်ပါတယ်။

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး 'လွိုက်အော်စတင်'က တောင်ကိုရီးယားနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို မြှင့်တင်ဆောင်ရွက်ထားကြောင်း၊ ကိုရီးယားကျွန်းဆွယ်မှာ တိုက်လေယာဉ်များ၊ လေယာဉ်တင်သင်္ဘောကြီးများအပါအဝင် အဆင့်မြင့်စစ်ရေးကိရိယာများ တိုးမြှင့်နေရာချသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ဆိုးလ်မြို့မှာရောက်ရှိစဉ် ပြောကြားသွားပါတယ်။

 

သူ့ရဲ့ပြောကြားချက်အပေါ် ပြုံယမ်းနိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

အမေရိကန်တို့က B-1B, F-22, F-35 တိုက်လေယာဉ်များကို တောင်ကိုရီးယားနဲ့အတူ တောင်ကိုရီးယားအနောက်ရေပြင်မှာ ဗုဒ္ဓဟူးနေ့က ပျံသန်းလေ့ကျင့်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

 

မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်သုံးလာခဲ့ရင် ထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရန် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ယခုလအတွင်း ပုံစံတူဖန်တီးထားတဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အရ မဟာမိတ်နိုင်ငံတွေ စစ်ရေးတိုးချဲ့လေ့ကျင့်ခြင်းက ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

 

မဟာမိတ်တွေရဲ့ ဘယ်လိုစစ်ရေးအန္တရာယ်မျိုးကိုမဆို နျူကလီးယားတပ်ဖြင့် တုန့်ပြန်ဖို့အသင့်ပြင်ထားကြောင်း ဖော်ပြထားပါတယ်။

 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ကျူးကျော်နိုင်ချေရှိတယ်လို့ ကာလကြာရှည်စွာသတ်မှတ်ခဲ့ကြကာ မဟာမိတ်တွေကတော့ ထိုစစ်ရေးပြခြင်းက ကာကွယ်ရေးလေ့ကျင့်မှုသာဖြစ်ကြောင်း ပြောကြားထားပါတယ်။

 

မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု အမြောက်အများပြုလုပ်ခဲ့ပါတယ်။

 

အော်စတင်လာရောက်ခြင်းက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနျူကလီးယားရန်ကို ရင်ဆိုင်နေရတဲ့ မဟာမိတ်နိုင်ငံကို ထိရောက်ပြတ်သားစွာ ကာကွယ်ပေးဖို့ရာ ဖြစ်ပါတယ်။

 

Source: AP News
#Yangon_Media_Group