#World_Space
Published 27 January 2023

 

အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ညမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာဂြိုဟ်အနားကနေ အန္တရာယ်မဖြစ်စေဘဲ ဖြတ်သန်းသွားမှာဖြစ်ကြောင်း နာဆာ(NASA)က ပြောကြားလိုက်ပါတယ်။

 

နာဆာရဲ့ပြောကြားချက်အရ ဒီဂြိုဟ်မွှားဟာ ရွေ့လျားနေတဲ့ ထရပ်ကားတစ်စီးအရွယ်မျှသာရှိပြီး ကမ္ဘာနဲ့အနီးဆုံးဖြတ်သန်းဖူးမယ့် အရာဖြစ်ကာ တောင်ဝင်ရိုးစွန်းနားကနေ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

 

အဆိုပါဂြိုဟ်က ကမ္ဘာမြေနဲ့ အလွန်နီးကပ်စွာဖြတ်သန်းသွားမယ်လို့ နာဆာက ဖော်ပြထားတာဖြစ်ပါတယ်။

 

ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကို '2023 BU' လို့ နာမည်ပေးထားကာ တောင်အမေရိကရဲ့ တောင်ဘက်စွန်းကနေ ဒေသစံတော်ချိန်ည ၇:၂၇ မှာ ဖြတ်သန်းမှာဖြစ်ပြီး ကမ္ဘာ့မြေမျက်နှာပြင်အထက် မိုင် ၂,၂၀၀ ခန့်သာ ကွာဝေးမှာဖြစ်ပါတယ်။

 

"ဒါဟာ ကမ္ဘာဂြိုဟ်နဲ့ နီးစပ်ခဲ့ဖူးသမျှထဲမှာ အနီးကပ်ဆုံးအရာဖြစ်ပါတယ်" လို့ တောင်ကယ်လီဖိုးနီးယား နာဆာဂြိုဟ်တုလွှတ်တင်ရေးစမ်းသပ်ခန်းမှ လမ်းကြောင်းအင်ဂျင်နီယာ 'ဒေးဗစ်ဖာနိုခီယာ'က ပြောပြပါတယ်။

 

ကမ္ဘာကိုဝင်တိုက်မှာ မဟုတ်ပေမယ့် တိုက်ခဲ့မယ်ဆိုရင်တောင် မီးလုံးကြီးကဲ့သို့ မြင်ရမှာဖြစ်ကာ ဥက္ကာခဲလေးတွေ ကျလာသလို အစအနတွေသာ လွင့်စင်လာမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ အကြိမ်ကြိမ်ဆိုထားပါတယ်။

 

ဒီဂြိုဟ်မွှားကို အနားကပ်မှ သတိထားမိတာဖြစ်ပြီး ခရိုင်းမီးယားမှ နက္ခတ္တဗေဒပညာရှင်'ဂန်နက်ဒီဘိုရီဆော့ဗ်'က စနေနေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

နာဆာက ကမ္ဘာမြေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ရှာဖွေခြင်း၊ ဆန်းစစ်ခြင်း၊ ကာကွယ်ခြင်းတို့ကို အလေးထားဆောင်ရွက်နေချိန်မှာ အခုလို တွေ့ရှိလာကြတာဖြစ်ပါတယ်။

 

2023 BU ဂြိုဟ်မွှားက ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်းမှ ဂြိုဟ်တုစလောင်းတွေနားတဝိုက် ရောက်လာမှာဖြစ်ပြီး အရင်က နီးစပ်ခဲ့ဖူးတဲ့အရာတွေထက် ၁၀ ဆပိုမိုနီးစပ်စွာ ရောက်ရှိလာမှာဖြစ်ပါတယ်။

 

Source: npr
#Yangon_Media_Group