#World_News
Published 12 October 2023
အစ္စရေးလ် -ပါလက်စ်တိုင်း တိုက်ခိုက်မှုကနေ ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပဋိပက္ခများ ဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ ပဋိပက္ခကြား ဝင်ရောက်ပတ်သက်ခြင်း မပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီရန်ကို သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလ်တို့ လေကြောင်းမှ တိုက်ခိုက်နေတာကြောင့် လူပေါင်းသိန်းချီဟာ နေရပ်မှ စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က ဟားမတ်စ်စစ်သွေးကြွတွေဟာ ပိတ်ဆို့ထားတဲ့ နယ်စပ်ကို ချိုးဖောက်ဝင်ရောက်ပြီး အစ္စရေးလ်မြို့တွေ ရွာတွေကို ဝင်ရောက်သောင်းကျန်းခဲ့ကာ လူ ၁,၂၀၀ ကျော်သေဆုံးစေခဲ့ပြီး ၂,၇၀၀ ကျော် ဒဏ်ရာရစေခဲ့တဲ့အပြင် ဓားစာခံအချို့ကိုလည်း ခေါ်ဆောင်သွားခဲ့တဲ့အတွက် လက်တုန့်ပြန်တဲ့အနေဖြင့် အစ္စရေးလ် တိုက်လေယာဥ်တွေက ဂါဇာကို တိုက်ခိုက်နေတာ ဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်အပေါ် အမေရိကန်ရဲ့ အခိုင်အမာ ရပ်တည်ထောက်ခံမှုကို ပြသရန်၊ အမေရိကန်လူမျိုးများ ပါဝင်တဲ့ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်စေရန်၊ စစ်ပွဲအခြေအနေ ပိုမိုကျယ်ပြန့်မလာစေရန် ဘိုင်ဒင်က ထိပ်သီးသံတမန် အန်တိုနီဘလင်ကန်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်ပါတယ်။
အစ္စရေးလ်အနီးသို့ အမေရိကန် စစ်သင်္ဘောများနဲ့ လေယာဥ်များ နေရာချထားခြင်းက အစ္စလာမ်အဖွဲ့ဝင်များဖြစ်တဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်မှ ဟက်ဇ်ဘိုလာတို့ကို ထောက်ပံ့နေတဲ့ အီရန်ကို သတိပေးလိုက်တာဖြစ်ကြောင်း ဘိုင်ဒင်က ဝါရှင်တန်ရှိ ဂျူးအဖွဲ့အစည်း ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်ကို တိုက်ခိုက်ရန် ဟားမတ်စ်တို့ စစ်ဆင်ရေး စီစဥ်နေတာတွေကို အီရန်တို့ သိရှိခဲ့လောက်တယ်လို့ ထင်ရပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေရဲ့ ကနဦးတင်ပြချက်များအရ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုအပေါ် အီရန်ခေါင်းဆောင်အချို့ အံ့အားသင့်ခဲ့ကြတယ်လို့ အမေရိကန် သတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က ကြာသပတေးနေ့မှာ အစ္စရေးလ်သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး ဂျော်ဒန်သို့လည်း သွားရောက်မှာ ဖြစ်ပါတယ်။
အစ္စရေးလ်ခေါင်းဆောင်များက ပြည်တွင်းနိုင်ငံရေး ကွဲလွဲမှုများကို ခေတ္တဘေးဖယ်ထားကာ ဟားမတ်စ်ကို အတူတကွ တိုက်ခိုက်ရန် စည်းလုံးညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက်ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ နိုင်ငံရေးအရမဟုတ်ဘဲ ပြည်ပရန်ကို အတူတိုက်ခိုက်တဲ့ သဘောဖြစ်ပြီး ဒီအချိန်မှာတော့ အားလုံးဟာ အစ္စရေးလ်စစ်မှုထမ်းများ ဖြစ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်က အစ္စရေးလ်ရုပ်သံကနေ တိုက်ရိုက်ပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ယခုရက်ပိုင်းအတွင်း ၄ ကြိမ်မြောက် စကားပြောဆိုခဲ့ကာ အစ္စရေးလ်အနေဖြင့် ဟားမတ်စ်ကို လက်တုန့်ပြန်ရာမှာ စစ်ပွဲစည်းမျဥ်းများနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့ မှာကြားခဲ့ပါတယ်။
ဂါဇာမှ အရပ်သားပြည်သူတွေအတွက် ဘေးကင်းစိတ်ချရတဲ့ လမ်းကြောင်း ဖန်တီးပေးဖို့နဲ့ စားနပ်ရိက္ခာ ပံ့ပိုးဖို့အတွက် အစ္စရေးလ်၊ အီဂျစ်တို့နဲ့ ဆွေးနွေးနေတယ်လို့လည်း အမေရိကန်က ဆိုပါတယ်။
#World_News #ဂါဇာပဋိပက္ခ #အီရန်အားဘိုင်ဒင်သတိပေး #အစ္စရေးလ်ဖွဲ့စည်း
#Source: Reuters
- Category: World
#World_Health
Published 12 October 2023
ပုံမှန်လေ့ကျင့်ခန်းတွေကို ပိုပြီးအချိန်ပေးပြုလုပ်လေ အခြားနေ့စဥ် လှုပ်ရှားသွားလာမှုတွေမှာ ပိုပြီးမလုပ်ချင်လေဖြစ်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။
ဝိတ်ချချင်တဲ့သူတွေဆိုရင် လေ့ကျင့်ခန်းမဟုတ်တဲ့ အခြားသော လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ သတိထားသင့်တယ်လို့ ကိုပင်ဟေဂင် တက္ကသိုလ်မှ စာတမ်းပြုစုသူ ဂျူလီမာဗယ်မန်စ်ဖဲ့လ်က ပြောပြခဲ့ပါတယ်။
ထိုလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်မယ်ဆိုရင် တစ်နေ့တာ အားအင်သုံးစွဲမှုက ထင်ထားတာထက် လျော့နည်းသွားပြီး ကိုယ်အလေးချိန်ကလည်း ထင်သလောက် ကျမှာမဟုတ်ပါဘူး။
လူတွေရဲ့ နေ့စဥ်လှုပ်ရှားမှု အတိုင်းအတာနဲ့ လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ပုံတို့ပါဝင်တဲ့ လေ့လာချက် ၂၄ ခုကို သုံးသပ်ခဲ့ကြပါတယ်။
အချိန်မှန် လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိသူတွေဟာ ပိုပြီးတော့ ပျင်းရိလွယ်ကြပြီး အခြားလှုပ်ရှားမှုတွေကို ရှောင်ရှားချင်လာကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုမျိုး ပြုမူခြင်းက လေ့ကျင့်ခန်းအစီအစဥ်ကနေ ကိုယ်အလေးချိန်ကျဆင်းဖို့ မျှော်မှန်းထားတာထက် ၂၂ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
နည်းလမ်းအရဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်လျော့နည်းသွားပြီး ကိုယ်အလေးချိန် ကျသွားစေတာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်လို့ ပင်ပန်းခဲ့တာကို နေ့စဥ်လှုပ်ရှားမှုတွေမှာ လျှော့ချခြင်းဖြင့် အစားထိုးတာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ကြပြီးနောက် ပိုမိုပင်ပန်းသွားကာ ပျင်းရိလာကြပြီး အခြားလှုပ်ရှားမှုတွေ မပြုလုပ်ကြတာ ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ခန်းတွေ ပိုမိုပြုလုပ်ပြီး အားအင်ပြန်ဖြည့်တဲ့အနေနဲ့ ပိုမိုစားသောက်ဖြစ်တာလည်း ရှိပါတယ်။
ကိုယ့်ရဲ့ လေ့ကျင့်ခန်းကို အမှန်တကယ် လုပ်ချင်စိတ်ရှိသူတွေကတော့ ဒီလိုအနားယူပျင်းရိတာမျိုးတွေ မပြုလုပ်ကြဘူးလို့ ယူဆလို့ရပါတယ်။
လေ့ကျင့်ခန်းကို အချိန်မှန်ပြုလုပ်ခြင်းက အကျိုးကျေးဇူးတွေရှိပေမယ့် ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလို့ ပြင်ပပညာရှင်များက ဆိုပါတယ်။
တစ်နေ့တာလုံးမှာ လှုပ်ရှားတက်ကြွမနေဘူးဆိုရင် ဇီဝကမ္မဖြစ်စဥ်က အမြင့်ဆုံးရောက်ပြီးမှ ပြန်ကျသွားကာ အားအင်ကိုထိရောက်စွာ အသုံးမပြုနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကိုယ်အလေးချိန်ကျရန်နဲ့ ကြံ့ခိုင်သန်စွမ်းနေစေရန် စိတ်ပါပါနဲ့ စဥ်ဆက်မပြတ် ပြုလုပ်သွားဖို့ကလည်း အရေးကြီးပါတယ်။
အိပ်စက်မှု၊ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရစားသောက်ခြင်းတို့က အတူတကွ သက်ရောက်နေစေပါတယ်။
လူတွေက လေ့ကျင့်ခန်းလုပ်ပြီးရင် မိမိကိုယ်ကို ချီးမြှင့်လေ့ရှိတာကို ဒီလေ့လာချက်က ဖော်ပြနေပါတယ်လို့ အသိအမှတ်ပြု လေ့ကျင့်ရေးဆရာမ အဲလိဇဘက်ဘာနက်စ်က ပြောပြသွားပါတယ်။
#World_Health #လေ့ကျင့်ခန်း #ဆရာမ အဲလိဇဘက်ဘာနက်စ်
#Source: New York Post
- Category: World
#World_Health
Published 12 October 2023
ကျန်းမာစွာ စားသောက်နေထိုင်ခြင်းဟာ ဆီးချိုရောဂါကို ထိန်းသိမ်းရန် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
စားသုံးမယ့် အစားအစာတွေက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်ပုံတွေကို နားလည်ထားရန် လိုအပ်ပါတယ်။
ဆီးချိုရောဂါရှင်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့ အလွန်အရေးကြီးပြီး မထိန်းသိမ်းနိုင်ခဲ့ပါက ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ကာ အင်္ဂါအများအပြားကို ထိခိုက်လာနိုင်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေအတွက် သင့်လျော်တဲ့ အစားအစာတွေကတော့..
(၁) အိုမီဂါ၃ဖက်တီးအက်ဆစ်ပါဝင်သောငါးများ
အဆီများတဲ့ ငါးတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၂) အချဥ်ပါဝင်သော အသီးများ
ထိုကဲ့သို့ အသီးများ စားသုံးပေးခြင်းဖြင့် ဆီးချိုဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
ဒါ့အပြင် ဗိုက်တာမင်စီက ရောဂါခုခံအားကို မြှင့်တင်ပေးကာ အရေပြားကျန်းမာရေးကို ကောင်းစေပြီး ဖျော်ရည်ထက် အသီးလိုက် စားသုံးပေးသင့်ပါတယ်။
(၃) အခွံမာသီးများ
အရေးကြီးတဲ့ အာဟာရဓာတ်များ ပါဝင်သလို အိုမီဂါ၃၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ အခြားသတ္တုဓာတ်များနဲ့ ဗိုက်တာမင်များ ပါဝင်ပါတယ်။
ဆားပါဝင်ပြီး ကြော်လှော်ထားတဲ့ အခွံမာသီးတွေတော့ မစားသုံးသင့်ဘဲ ဗာဒံသီးနဲ့ သစ်ကြားသီးတို့က ဆီးချိုအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။
(၄) အစိမ်းရောင်ဟင်းရွက်များ
ယင်းတို့ဟာ အာဟာရဓာတ်မြင့်မားပြီး ဆီးချိုအတွက် အထူးသင့်လျော်ပါတယ်။
(၅) အစေ့အဆန်များ
ထိုစားစရာစားသုံးခြင်းဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေ လျော့ကျတာကို Nutrition ဂျာနယ်မှာ ဖော်ပြထားပြီး ဆန်ညို၊ မုယောစပါးတို့က ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။
#World_Health #ဆီးချိုဝေဒနာရှင် #အစားအစာ #Source: DoctorNDTV
- Category: World
တရုတ်လူငယ်ပိုင်း မုန့်လုပ်အလှဆင်ပညာရှင် လျူရှင်ရူဟာ တရုတ်မြောက်ပိုင်း တီယန်ကျင်မှာပြုလုပ်တဲ့ မုန့်လုပ်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပြီး မျိုးဆက်သစ် မုန့်ဖုတ်ပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုကို ပြသသွားပါတယ်။
Published_ 11 October 2023
#Asia_Society
#မုန့်လုပ်အလှဆင်ပညာရှင် #တရုတ်လူငယ်ပညာရှင်
- Category: World
#Daily_News
Published_ 11 October 2023
၁။ ရွှေတိဂုံစေတီတွင် သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာအခါတော်နေ့နှင့် အဖိတ်နေ့ဆီမီး(၁၀၀၀၀)ပူဇော်ပွဲကျင်းပမည်
၂။ မလေးရှားသို့ အတည်ပြုချက်ရရှိပြီးသားရွှေ့ပြောင်းအလုပ်သမားတစ်ရက်ကို ၁၀၀ကျော်မှ ၂၀၀ ခန့်အထိ ဆက်လက်စေလွှတ်နေ၊ အလုပ်ခေါ်စာအသစ်များလာမည့်နှစ်မှ ပိုမိုရရှိမည်
၃။ ပဲခူးမြစ်ရေ ပြန်ကျလာပေမယ့် ရေဘေးသင့် ပြည်သူများကယ်ဆယ်ရေးစခန်းများတွင်သာနေထိုင်ရအုံးမည်
၄။ ကမ္ဘာ့အဆင့်မုန့်လုပ်အလှဆင်ပြိုင်ပွဲကြီးတွင် အနိုင်ရခဲ့သည့် တရုတ်လူငယ်ပညာရှင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
#World_Science
Published 11 October 2023
အခြေခံအရသာ ၅ မျိုးထဲက ချို ချဥ် ငန် ဖန် အူမာမီတို့အပြင် ၆ ခုမြောက်အဖြစ် အမိုနီယမ်ကလိုရိုက်ကို သုတေသီများ ထပ်ပြီးတွေ့ရှိထားပါတယ်။
စကန်ဒီနေဗီယန် သကြားလုံးတွေမှာ ပါဝင်တဲ့ ဒီလိုအရသာမျိုးကို အာရုံခံနိုင်တဲ့ လျှာရဲ့စွမ်းရည်အကြောင်း သုတေသီများ လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
စကန်ဒီနေဗီယန် နိုင်ငံတွေမှ လူတွေကတော့ ဒီအရသာကို လက်ခံပြီးသား ဖြစ်နေလောက်ပြီလို့ ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်မှ အာရုံကြော သိပ္ပံပညာရှင် အမ်မီလီလိုင်မန်က ပြောပြခဲ့ပါတယ်။
လျှာက အမိုနီယမ်ကလိုရိုက်ကို သိရှိပေမယ့် သက်ဆိုင်တဲ့ ပရိုတိန်းရီဆပ်တာတွေကတော့ လေ့လာဆဲဖြစ်ပါတယ်။
အချဥ်အရသာကို သိရှိတဲ့ OTOP1 ပရိုတိန်းကိုတော့ ယခင်က လေ့လာဖူးကြပါတယ်။
အက်ဆစ်ပါတဲ့ အချဥ်စားစရာတွေနဲ့ ထိတွေ့တဲ့အခါ ဟိုက်ဒရိုဂျင်အိုင်းယွန်းတွေအတွက် လမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးပါတယ်။
အမိုနီယမ်ကလိုရိုက်ကလည်း ဟိုက်ဒရိုဂျင်အိုင်းယွန်း ပမာဏအပေါ် သက်ရောက်တဲ့အတွက် OTOP1 ကို လှုံ့ဆော်ပေးတယ်လို့ ကောက်ချက်ချထားပါတယ်။
သိပ္ပံပညာရှင်များက OTOP1 ရီဆပ်တာနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇကို ဓာတ်ခွဲခန်းထုတ် လူသားဆဲလ်တွေနဲ့ ထိတွေ့စေကာ ထုတ်လုပ်စေခဲ့ပါတယ်။
ထိုဆဲလ်တွေကို အက်ဆစ် ဒါမှဟုတ် အမိုနီယမ်ကလိုရိုက်နဲ့ ထိတွေ့စေပြီး တုန့်ပြန်မှုတွေကို တိုင်းတာခဲ့ပါတယ်။
ထိုအခါမှာ အမိုနီယမ်ကလိုရိုက်က အက်ဆစ်ထက် OTOP1 လမ်းကြောင်းတွေကို ပိုပြီးလှုံ့ဆော်ပေးကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကြွက်တွေရဲ့ အရသာခံဖုဆဲလ်တွေဟာ အမိုနီယမ်ကလိုရိုက်ကို ပိုမိုတုန့်ပြန်ပြီး OTOP1 မရှိတဲ့ဆဲလ်တွေက ထိုကဲ့သို့ တုန့်ပြန်မှုမျိုး မတွေ့ရပါဘူး။
အမိုနီယမ်ကလိုရိုက်ကို အရသာခံလာနိုင်တာဟာ အမိုနီယမ်များပြားတဲ့ စားစရာတွေ မစားမိစေရန် ပြောင်းလဲလာတာ ဖြစ်နိုင်ကြောင်း ယူဆနိုင်ပါတယ်။
#World_Science #လျှာမှအာရုံခံသိရှိနိုင် #ဆဌမမြောက်အရသာ #သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ #Source: WION
- Category: World
#World_News
Published 11 October 2023
ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ဒီထက်ပိုပြီး တုန့်ပြန်တဲ့အနေနဲ့ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်သွားမယ်လို့ အစ္စရေးလ်က အခိုင်အမာဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ကို ထောက်ပံ့သွားမယ်လို့ ကတိပြုလိုက်ကာ ယခုဖြစ်ရပ် အခြေအနေကို အခွင့်ကောင်းယူရန် ကြံစည်နေတဲ့သူမှန်သမျှကို သတိပေးလိုက်ပါတယ်။
ဟားမတ်စ်တို့ နေထိုင်အခြေချခဲ့တဲ့ ဂါဇာမြို့နေရာတဝိုက်မှာ အစ္စရေးလ် တိုက်လေယာဥ်ဒါဇင်ခန့်က ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။
ထိုဒေသအတွင်း အနည်းဆုံး လူ ၉၀၀ သေဆုံးထားကာ ၄,၆၀၀ ခန့် ဒဏ်ရာရရှိထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပြလိုက်ပါတယ်။
စနေနေ့က ဂါဇာကမ်းမြောင်မှ ဟားမတ်စ်သေနတ်ကိုင်တွေဟာ အစ္စရေးလ်တောင်ပိုင်းနေရာများကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး အစ္စရေးလ်သမိုင်းတလျှောက် ပါလက်စ်တိုင်း စစ်သွေးကြွများမှ ကျူးလွန်တဲ့ အပျက်အစီးအများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
ယခုသီတင်းပတ်အကုန်မှာ သေဆုံးသူအရေအတွက် ၁,၂၀၀ ရှိသွားပြီလို့ အစ္စရေးလ်ရုပ်သံ Kan မှ ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရသူ အများစုက အရပ်သားတွေဖြစ်ပြီး အိမ်တွေ လမ်းတွေ ပါတီပွဲတွေမှာ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။
အစ္စရေးလ်လူမျိုး အများအပြားနဲ့ နိုင်ငံခြားသားအချို့ကိုလည်း ဖမ်းဆီးသွားပြီး ဂါဇာသို့ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားပါတယ်။
ဂါဇာရှိအိမ်များကို သတိပေးခြင်းမပြုဘဲ တိုက်ခိုက်တိုင်း ဖမ်းဆီးထားတဲ့ ဓားစာခံများကို သတ်ပစ်မယ်လို့ ဟားမတ်စ်စစ်သွေးကြွတွေက တနင်္လာနေ့မှာ ခြိမ်းခြောက်ထားပေမယ့် အင်္ဂါနေ့ညအထိ ဒီလိုအရိပ်အယောင် မတွေ့ရပါဘူး။
အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂဲလန့်က ‘’ကျုပ်တို့ လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနောက် မြေပြင်ကနေလည်း တိုက်ခိုက်သွားဦးမှာပါ။ ဒုတိယနေ့ကတည်းက ထိုနေရာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ထိုးစစ်ဆင်မှုက ဒီထက်ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်’’ လို့ ပြောကြားသွားပါတယ်။
အစ္စရေးလ်တွေဟာ ဂါဇာမှာ ၃၈ နှစ်ကြာ သိမ်းပိုက်ထားပြီးနောက် ၂၀၀၅ ခုနှစ်မှာ တပ်ဆုတ်ခွာခဲ့ပါတယ်။
ထိုနေရာမှာပဲ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်တို့ အုပ်စိုးစဥ်ကတည်းက ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ် မြောက်ပိုင်းနယ်စပ်မှာလည်း လက်ဘနွန်တောင်ပိုင်းကနေ ဒုံးကျည်များ ပစ်ခတ်နေခဲ့ရာ အစ္စရေးလ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ် ၃ ဦးထံမှ သိရှိရပါတယ်။
ဘိုင်ဒင်က ဟားမတ်စ်တို့ရဲ့ လုပ်ရပ်ဟာ အလွန်ဆိုးရွားကြောင်း၊ အစ္စရေးလ်အတွက် နောက်ထပ် စစ်ရေးထောက်ပံ့မှုများ အလျင်အမြန် လုပ်ဆောင်နေကြောင်း အိမ်ဖြူတော်ကနေ ပြောကြားလိုက်ကာ စစ်ပွဲဥပဒေဘောင်အတွင်းကနေသာ တုန့်ပြန်ဆောင်ရွက်သွားရန် အစ္စရေးလ်ကို တောင်းဆိုလိုက်ပါတယ်။
အီရန်ဘက်က ဟားမတ်စ်တို့ကို ကာလကြာရှည်စွာ ထောက်ပံ့နေတာကို ထောက်ပြချင်ပေမယ့် အဆိုပါ တိုက်ခိုက်အကြမ်းဖက်မှုကို အီရန်က ကြိုးကိုင်တယ်ဆိုတဲ့ အထောက်အထားတော့ အမေရိကန်အရာရှိတွေ မတွေ့ရှိထားပါဘူး။
#World_News #မြေပြင်ထိုးစစ်ဆင်ရန် #အစ္စရေးလ်ပြင်ဆင်နေ
#Source: Reuters
- Category: World