Published 8 June 2023

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယနေ့ ဇွန်လ(၈)ရက်နေ့တွင်ကျရောက်သည့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံ နစက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးသည့် မြန်မာနိုင်ငံစီမံကိန်းများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အစိုးရနည်းပညာကောလိပ် (မန္တလေး) အား လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းနှင့် အွန်လိုင်းလေ့ကျင့်ပေးမှုများ ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေလေ့လာမှုအစရှတဲ့  တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ် ခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အမြဲတစေကျင့်သုံး၍ အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ်နက်ရှိုင်းလာစေပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြီးနောက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းပေးအပ်မှုကို ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပါတယ်။

ဝန်ကြီးဦးသန်းဆွေက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အခက်အခဲများ အတူကျော်ဖြတ်သည့် အေးအတူပူအမျှ  အသိုက် အဝန်းစိတ်ဓာတ်ကိုထင်ဟပ်စေကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးလဲလှယ်သည့် ပူးပေါင်းဆောင်ရွက်မှု  စာချုပ်များ  သည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်များကို ပေါ်လွင်စေကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်များကို ပြတ်သားစွာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ ၎င်းအဆိုပြုချက်များအား အကောင်အထည်ဖော်ဆောင်ကာ ပိုမိုငြိမ်းချမ်း၊ လုံခြုံ၍စည်ပင်ဝပြောသောကမ္ဘာကြီးကို အတူတည်ဆောက်သွားလိုကြောင်းလည်းဆက်လက်  ပြောကြားခဲ့  ပါ  တယ်။

သံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံသည့် သမိုင်းကိုပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်သူက  “ယနေ့  ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအား လက်မှတ်ရေးထိုးလဲလှယ်ခြင်းသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃) နှစ်ပြည့်အား လက်တွေ့လှုပ်ရှားမှုဖြင့် ဂုဏ်ပြုဆိုကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားရန် ဆောင်ရွက်၍ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများ ရလဒ်အသစ်များ ရရှိရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအကူ အညီ   ဖြင့် မြန်မာနိုင်ငံ၌ဆောင်ရွက်သည့်စီမံကိန်းများသည်လည်း အေးအတူပူအမျှ၊ အတူလက်တွဲရှေ့သို့ချီတက်သည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးတို့အား လက်တွေ့ကျကူညီပေးမယ်လို့လည်း တရုတ်သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံအားကူညီသည့် အသစ်တစ်သုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းသည် ဇွန်လ ၇ ရက်နေ့ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ထံ လှူဒါန်းပေးအပ်သည့် ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း ဇွန်လ ၁၂ ရက်နေ့တွင်ပို့ဆောင်ရောက်ရှိ၍လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု    အတွက် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားပြီး မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုများသည့်လက်တွေ့ကျကျရလဒ်များရရှိရေးဖော်ဆောင်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုတယ်လို့ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်း  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးတဲ့ နောက် သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်-မြန်မာကဏ္ဍပေါင်းစုံတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။

-ymg/knl

#တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၃)နှစ်ပြည့်

#တရုတ်-မြန်မာဆက်ဆံရေး

#YangonMediaGroup