#Local_News
Published_ 8 January 2022

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံ၌ အကြီးဆုံးကုန်းတွင်းရေချိုအိုင်ကြီးဖြစ်တဲ့ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဒီဇင်ဘာလအတွင်း ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း ၅၄ မျိုးနဲ့ အကောင်ရေ ၂သောင်း ၃ထောင်ကျော် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စာရင်းကောက်ယူချက်အရ ဆောင်းခိုရေပျော် ငှက်မျိုးစိတ် ၃၄ မျိုး၊ အကောင်ရေ ၁၆၃၇၈ ကောင်နှင့် ဒေသရေပျော်ငှက်မျိုးစိတ် ၂၀ မျိုး၊ အကောင်ရေ ၆၆၉၀ စုစုပေါင်းအကောင်ရေ ၂၃၀၆၈ ကောင်ကို တာဝန်ရှိသူများက စာရင်းကောက်လမ်းကြောင်းများအတိုင်း တစ်ရက်လျှင်အဖွဲ့နှစ်ဖွဲ့စီခွဲ၍ ၎င်းအိုင်အတွင်း နှင့် ဆက်စပ်ချောင်းများတွင် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ငှက်မျိုးစိတ်များဟာ ဒီဇင်ဘာလတွင်တွေ့ရှိရတဲ့ ဆောင်းခိုရေပျော် ငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဆောင်းခိုရေပျော်ငှက်မျိုးစိတ် ၁ မျိုးနှင့် အကောင်ရေ ၃၄၀၀ ကျော် လျော့နည်းလျက်ရှိကြောင်း သိရပါတယ်။

 

ငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိတဲ့ ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်တဲ့ အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့်ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိနေခြင်းနဲ့ ကိုင်းတောများ ထူထပ်နေတာကြောင့် ငှက်မျိုးစိတ်များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေတွက်ရာ၌ ခက်ခဲသဖြင့် ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာတွင် ယခင်နှစ်ထက် လျော့နည်းလျက်ရှိတယ်လို့ ဆိုပါတယ်။

 

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များမှာ ရေကြက်ဒုံ၊ ဘဲဖြူနက်၊ တောငန်း၊ ခရုစုပ်အနက်၊ ကြိုးကြာ ခေါင်းမဲ၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမဲ၊ ဘဲနီစပ်၊ ဘဲကျားလေး၊ ဘဲဟင်္သာနှင့် ပို့ချပ်ဘဲ စသည်တို့ တွေ့ရှိရပြီး ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီး အိုင်၏ အရှေ့ဘက် လမ်းကြောင်းတွင်လည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင် လည်းကောင်း၊ အင်းတော်ချောင်း တစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ် ဒေသများရှိ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများကို အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသအဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်တွင် သတ်မှတ်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link Asia – Wli Asia အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ တော်ဝင်အင်းကြီးလည်း ဖြစ်ပါတယ်။

 

ygm_mnn
#Yangon_Media_Group