#LocalNews
Published_ 7 January 2023

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ အကြမ်းဖက်လုပ်ရပ်လုပ် ဆောင်ရွက်ရန်စီစဉ်လျက်ရှိသော အဖွဲ့များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥုးဇဝန(ခ)စိုးသန်းဝင်းအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်း၏ ထွက်ဆိုချက်အရ ဆက်စပ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းဒေသတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်ထိ ဖမ်းဆီးရမိသူများမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး နှင့် သေဆုံးသည့် အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု ၊ Drone ၁ စင်းတို့ကို ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဥုးဇဝန(ခ)စိုးသန်းဝင်းအား ဖမ်းမိပြီးနောက် သန်းဇော်ဌေး(ခ)သားငယ်၊ ဇော်ဇော်အောင်(ခ)ဆရာကျောင်း၊အိုက်ရွန် ၊ တင်တင်ညို(ခ)မလေး ၊မင်းမင်းဦး တို့ကို ဆက်တိုက် ဖမ်းဆီးမိပြီးနောက် ဇော်ဇော်အောင်(ခ)ဆရာကျောင်း၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့လယ်ပိုင်းက လုံခြုံရေးပူးပေါင်းအဖွဲ့များက ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်သို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ တောတွင်းလက်နက်ကိုင်အဖွဲ့အင်အား ၂၀ ဦးခန့်ကလုံခြုံရေးအဖွဲ့များကို လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဖက်အဖွဲ့က ဖိုးခွား(ခ)အင်းဖိုးခွား အပါအဝင် အမျိုးသား ၅ ဦး၏ အလောင်းများကိုတွေ့ရှိခဲ့ကြကြောင်း၊လုံခြုံရေးအဖွဲ့က နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ကံရွာကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ကို ပစ်ခတ်မှုတွင်ပါဝင်ခဲ့သည့် တစ်ဖက်အဖွဲ့က ဇော်မျိုးအောင်၊ ဇွဲညီထွန်းတို့ကို ဖမ်းဆီးမိကာ ကတုံးဆိုသူကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group