#LocalNews
Published_4 January 2023

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ဇန်နဝါရီလ ၃ ရက်က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

အဆိုပါ အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၂ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၃၉ ဦးတို့ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကချီးမြှင့်ကာ ရဲဗလ တံဆိပ်ရရှိသူ ၁၈၁ ဦး၊ စီမံထူးချွန်တံဆိပ်ရရှိသူ ၁၁၀ ဦး၊ လူမှုထူးချွန် တံဆိပ်ရရှိသူ ၁၂ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဝန်ဆောင် စီးပွား ထူးချွန်တံဆိပ်ရရှိသူ ၁၀ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဆေးပညာ ထူးချွန်တံဆိပ်ရရှိသူ ၁ ဦးနှင့် နည်းပညာထူးချွန်တံဆိပ်ရရှိသူ ၇၄ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူ ၁၃၆ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၄၀၄ ဦးတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ချီးမြှင့်ခြင်းခံရသည့် တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ၏ တန်ဖိုးပိုင်းဖြတ်၍မရသည့် လေးနက်မှုကို မျိုးဆက်သစ်များ မျှဝေခံစားလို့ရအောင် လက်ဆင့်ကမ်းအမွေပေးသွားကြရန်၊  တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ထံကျရောက်လာမည့် တာဝန်များနှင့်ပတ်သက်ပြီး ကျေပွန်အောင် ဆက်လက် ထမ်းဆောင်သွားကြရန်၊ လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အမွေကို သိရှိနားလည်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ်ကာကွယ် စောင့်ရှောက်မည်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်နှင့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းခဲ့သည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၊ သီဟသူရ ဘွဲ့ရရှိသူ ၅၁ ဦး၊ သူရဘွဲ့ရရှိသူ ၅၅၄ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၅၀ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၁၂၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၂၃၅၁ ဦး ရှိပြီဖြစ်ကြောင်း လည်း သိရသည်။

ymg/mt
#Yangon_Media_Group