#Local_News
Published_ 29 December 2022

 

ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်ကို ဆက်သွယ်သည့် ဂွချောင်းတံတားကို ဒီဇင်ဘာလ ၂၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

 

ဂွချောင်းတံတားကို ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏ ခွင့်ပြုရံပုံငွေကျပ်သန်း ၈၉၈၀ ဖြင့် အကုန်အကျခံဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းမှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်း၏ အရေးပါသော တံတားတစ်စင်းလည်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၉၉ ပေရှိကာ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ၆ လက်မစီ ပါဝင်ကာ ရေလမ်း ကင်းလွတ် အမြင့်ပေ ၂၀ ၊ ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိ၍ တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ် တစ်စီးချင်း အလေးချိန်) မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။

 

တံတား အုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ P.C Girder ၊ R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ကြောင်း၊ တံတား ခန်းဖွင့်အကျယ် ၂၆ ပေ ၃ လက်မ(သုံး)ခန်း၊ ပေ ၆၀ (နှစ်)ခန်းနှင့် ပေ ၁၀၀ (၁၂ ခန်း) တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group