#Local_News
Published_27 December 2022

 

တရုတ်နှစ်သစ်ကူးနီးလာသော်လည်း ဝယ်သူနည်းပါးခြင်းကြောင့် ဖရဲဈေးကွက်အရောင်းအဝယ် အေးနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိတွင် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီအချိန်က နှစ်သစ်ကူးလည်းနီးလာပြီဆိုတော့ ဖရဲကလှိုင်လှိုင်သွားရမယ့်အချိန်။ အရောင်းအဝယ်ကောင်းနေရမှာပေါ့။ အခုဟာက ဈေးကွက်ကအေးနေတယ်။ ဖရဲကားအစီးရေ ၁၅ စီးဝန်းကျင်လောက်ပဲ ဝင်တော့တယ်။ ဝယ်လက်ကလည်းနည်းသွားတယ်”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

 

မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။

 

ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group