#Local_News
Published_16 December 2022

 

မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ထပ်မံအသိပေး ထုတ်ပြန်ကြေညာထားသည်။

 

မိမိတို့သုံးစွဲနေသည့် ဆင်းမ်ကတ်များကို စစ်ဆေးပြီးပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းအားဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပ လိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်ပေးမည် ဖြစ်သည်ဟု အဆိုပါအော်ပရေတာများက ပြောကြားထားသည်။

 

ဆင်းမ်ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် နှိင်းယှဉ်စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားပြီး ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတ့ို၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့် အရှေ့/အနောက် ရောင်စုံဓာတ်ပုံတိုဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်းသိရသည်။

 

အလားတူဆင်းမ်ကတ် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group