#Local_News
Published_14 December 2022

 

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်အတွင်း၌ အရောင်းအဝယ်မရှိအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၁၁ ဖြစ်ပြီး ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၁ သိန်းအထက်တွင်ရှိနေပြီး ပြင်ပဈေးကွက်တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၆၆၅၀၀၀ ရှိကြောင်းသိရသည်။

 

“ကမ္ဘာ့ရွှေဈေးတတ်ရင် ရွှေဈေးကလိုက်တတ်တယ်။ အခုကဈေးငြိမ်နေတယ်။ အရောင်းအဝယ်ကလည်းအေးနေတယ်။ အခု တွင်းတွေကနေလည်း ပစ္စည်းအသစ်တွေထွက်နေပြီ။ ဒါပေမယ့် သယ်ယူပို့ဆောင်စရိတ်ကကြီးနေတော့ ရွှေဈေးကမကျဘူးဖြစ်နေတာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

 

ယင်းအပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု၊ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးသင်တန်းကို ယခုလ(ဒီဇင်ဘာလ)ကနေစတင်ပြီး သင်ကြားပေးနေပြီး အဆိုပါ သင်တန်းဆင်းလက်မှတ်ရှိမှသာလျှင် သတ္ထုရောင်းဝယ်ရေးလိုင်စင်လျှောက်ထားခြင်းကို တရားဝင်ခွင့်ပြုပေးမည်ဖြစ်ကာ လက်ရှိတွင် ရွှေဆိုင်လိုင်စင်အသစ်လျှောက်ထားသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

 

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအတက်၊အကျအပါအဝင် ငွေလဲနှုန်းပေါ်မူတည်နေပြီး လက်ရှိငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာ ၂၈၀၀ ဝန်းကျင်သာရှိကြောင်း ပြင်ပငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group