#Local_News
Published_3 December 2022

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ရှစ်လတာနီးပါးကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

ပြီးခဲ့သည့်နှစ်ကာလတူနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၃၂ သန်းပိုမိုရရှိခဲ့ပြီး တာချီလိတ်၊ မြိတ်နှင့် ထီးခီးနယ်စပ်ဂိတ်တို့သည် ကုန်သွယ်မှုအများဆုံး ပြုလုပ်ထားကြောင်း သိရသည်။

 

တာချီလိတ်ဂိတ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၅၇ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက်ကန်ဒေါ်လာ ၂၇ သန်းကျော် တိုးလာကြောင်း၊ မြဝတီနယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလျံ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၄၈ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။

 

ကော့သောင်းနယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁၄၁ သန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ၉ သန်းကျော် လျော့ကျခဲ့ကြောင်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၇၆ သန်းကျော် ကုန်သွယ်ခဲ့ပြီး ထီးခီးဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံကုန်သွယ်ခဲ့ကာ ယခင်နှစ်ထက် ကန်ဒေါ်လာ ၅၉၈ ဒသမ ၅၁ သန်းတိုးလာကြောင်း သိရသည်။

 

ယင်းအပြင် မောတောင်နယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်ကနေ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group