#Local_News
Published_ 2 December 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှက့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ အထက်ခါးသျှိကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငိုပွဲ(ခ) စိုင်းအောင် မောင်းနှင်ပြီး မနန်းနွမ်း လိုက်ပါလာသည့် TOYOTA 4WD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၈၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

 

အလားတူ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက် (၇) ၊ ဂျာမန်ကျေးရွာနေ အောင်မင်းခိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ အောင်လင်း(ခ)အားဖျင်အား တွေရှိပြီး နေအိမ် ခြံဝင်းအတွင်း ရပ်တန့်ထားသည့် NISSAN အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ် ဓာတုပစ္စည်း SODIUM ACETATE အလေးချိန် ၅၂၅၀ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ငိုပွဲ(ခ)စိုင်းအောင် (၂၆)နှစ်၊ မနန်းနွမ်း(၂၅)နှစ်၊ အောင်မင်းခိုင်(၂၇)နှစ် နှင့် အောင်လင်း(ခ)အားဖျင် (၂၇)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ygm_mnn
#Yangon_Media_Group