#Local_News
Published _ 1 december 2022

အလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးခေါ်ယူရန် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်ကမ်းလှမ်းစာ ၁၈၆ ခု ပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

 

မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရကုမ္ပဏီများက စေလွှတ်သွားမည်ဖြစ်၍ အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး(တိုကျိုမြို့) သို့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့ခဲ့ကြောင်း ပါရှိသည်။

 

အလုပ်ကမ်းလှမ်းစာ(Demand Letter) များနှင့်ပတ်သက်၍ မြန်မာသံရုံး(တိုကျိုမြို့)မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအား စာရွက်စာတမ်းအထောက်အထားများနှင့်တကွ စီစစ်ခဲ့ကြောင်းလည်း သိရသည်။

 

ယင်းကဲ့သို့ စီစစ်ခြင်းကို မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

 

#ymg/NN
#Yangon_Media_Group