#Local_News
Published _ 30 November 2022

 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းတွင် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းက YBS နှစ်စီးယှဉ်တိုက်မိ၍ အမျိုးသားတစ်ဦးလက်ပြတ်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

ထိုနေ့ ညနေ ၅ နာရီခွဲကျော်ခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်း၌ ခရီးသည်တင် YBS 31 နှင့် YBS 42 တို့တိုက်မိခဲ့၍ ထိခိုက်ဒဏ်ရာရသူရှိနေကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

 

ဖြစ်စဉ်ကြောင့် YBS ကားပေါ်၌ လိုက်ပါလာသူတစ်ဦးမှာ လက်ပြတ်သွားခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်းလည်း သိရှိရသည်။

 

"ကားနှစ်စီးပေါ်မှာက ခရီးသည်တစ်ယောက်မှမပါဘူး၊ ရှုခင်းသာပတ်လမ်းပေါ်က PT Power ဆီဆိုင်ရှေ့မှာ ဖြစ်သွားတာပါ၊ အရေးပေါ်ကယ်ဆယ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်"ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြား ရေးတာဝန်ခံကိုဇင်လင်းမောင်က ဆိုသည်။

 

ဖြစ်စဉ်အတွင်း လက်ပြတ်သွားခဲ့သူအား အောင်နိုင်သူ လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group