#Local_News
Published_ 28 November 2022

 

လာမည့် ဒီဇင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏နိုဝင် ဘာလ(၂၈) ရက်ထုတ်ပြန်ချက်အရသိရသည်၊၊

 

ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းဖော်ပြထားသည်၊၊

 

ဒီဇင်ဘာလအတွင်းရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင် ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်၊၊

 

မိုးရွာသွန်းရက်အနေဖြင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်၊၊

 

ညအပူချိန်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်၊၊

 

မြူကျဆင်းမှုနှင့်ပတ်သက်၍စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် (၆)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group