#Local_News
Published_21 November 2022

 

ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်ကဖွင့်လှစ်ရာတွင် မဇင်ရပ်ကွက်မှ သံတွဲမြို့သို့ စက်ဘီးစီးအဖွဲ့က စက်ဘီးအလှစီး၍ ကွင်းဖွင့်ခဲ့ကာ ငပလီမြို့ရှိ Paradise Hotel ဟိုတယ်တွင်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့် ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကိုထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲသို့ လူပေါင်း သုံးထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း၊ယခုနှစ်တွင် လုံခြုံရေးကိစ္စများ ရှိနေသောကြောင့် တေးဂီတ ဖြော်ဖြေပွဲများ မပြုလုပ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပထမဆုံး ကျင်းပခဲ့သော ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို (၅) ရက်တိုင်တိုင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ယနေ့ နိုဝင်ဘာလ (၂၁) ရက် တစ်ရက်တည်းသာ ကျင်းပကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group