#LocalNews
Published _6 November 2022

 

ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို နိုဝင်ဘာလ ၃ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်အချိန်က သောင်းကျန်သူများ ထပ်မံမိုင်းခွဲဖျက်ဆီးလိုက်ပြန်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နေသော ၂၄၀ မဂ္ဂါဝပ် ဓာတ်အားလှိုင်းများဖြစ်သည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ မဟာဓာတ်အားလိုင်း မှ တာဝါတိုင် (၁၅) တိုင်ကို (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်ကို (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်ကို (၇) ကြိမ် ဖျက်ဆီးခံခဲ့သည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်းလည်း သိရသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင် ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ymg/mt
#Yangon_Media_Group