#Local_News
Published_4 November 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ခဲ့သည့် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၁ ဦးကို ပစ္စတိုမျိုးစုံ ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၉၈ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ဖောက်ခွဲရေးသုံးဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းက ဒလ PDF အမည်ခံအဖွဲ့က မအေးသီတာဝင်းအား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၀ ရက် ၊ ၂၁ ရက် ၊ ၂၂ ရက် ၊၂၄ ရက်တို့တွင် ဆက်တိုက် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယင်းတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့် ကKNLA တပ်မဟာ(၇) လှုပ်ရှားနယ်မြေ ၊KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတို့တွင် သင်တန်းများတက်ရောက်ခဲ့ကြကြောင်း၊ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဒလ PDF အဖွဲ့ကို လူ ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ယင်းတို့အနေဖြင့် ဖောက်ခွဲမှု ၄ ကြိမ်၊လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန်ခဲ့သည့်အပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီးရှိ A ဘဏ်နှင့် ရတနာရွှေဆိုင်တို့ကို ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း ထွက်ဆိုချက်ကို သတင်းထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။

 

ယင်းကြောင့် လက်ရှိတွင်ဖမ်းဆီးရမိသူများအား ဥပဒေအရ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#ymg/mt
#Yangon_Media_Group