#Local_News
Published_ 27 October 2022

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော် ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြတဲ့ ပြင်ဦးလွင် မြို့နယ်၊ စိန်ပန်းကျေးရွာတွင် စိုးလင်းထွန်း အား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စောဇာနည်မောင် နှင့် မျိုးအောင်တို့အား GIOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် ၁ စီး နှင့် လည်းကောင်း၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာတွင် အားဝေနှင့် စောသက်ဦးတို့အား Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။

 

ထို့ကြောင့်၎င်းတို့ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group