#Local_News
Published_25 October 2022

 

အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၇၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ကြေညာထားသည်။

 

ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

 

လက်ရှိတွင် ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

 

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။

 

ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

#ymg/STH
#Yangon_Media_Group