#Local_News
Published_20 October 2022

 

မြန်မာ့ဆန်ကို အရည်အသွေးမြှင့်တင်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ပြည်တွင်းကုမ္ပဏီ ၃၀ ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။

 

ယခင်က ကုမ္ပဏီများစုပေါင်း၍ ပြည်ပသို့ ဆန်တင်ပို့ရာတွင် အရည်အသွေးလျော့သောဆန်များ ရောနှောပါဝင်နေမှုကြောင့် အရည်အသွေးကောင်းတင်ပို့သော ကုမ္ပဏီများအနေဖြင့် နစ်နာမှုများစွာကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တင်ပို့သောဆန်အိတ်အတွင်း ကုမ္ပဏီအမှတ်တံဆိပ်ကိုထည့်သွင်းထားခြင်း၊ ဆန်အရည်အသွေးအထူးဂရုပြုစစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ဆန်အဝယ်လိုက်မှုကြောင့် ဝယ်ယူသောဆန်အမျိုးအစားများ ပြည်တွင်းဈေးကွက်အတွင်း၌ အရောင်းအဝယ်ကောင်းနေပြီး ဝယ်ယူသွားသောဆန်များအတွက် တစ်ပါတ်၊ ၁၀ ရက်ငွေစောင့်ဆိုင်းမှုမရှိစေရန်အတွက် ငွေလက်ငင်းဈေးကွက်ပုံစံစနစ်ဖြင့် ဝယ်ယူရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဥရောပနိုင်ငံအချို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်း၌စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာအတွင်း ၉၃,၇၉၁ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group