#LocalNews
Published_9 October 2022

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ကမ္ဘာ့အမွေအနှစ်ဒေသသရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ သောင်းပြည့်ကုန်း ကို view Point ပြုလုပ်ရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။

 

ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန်တစ်ခုလုံးကို ခြုံငုံမြင်တွေ့လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခု ပြုလုပ်မည့် သောင်းပြည့်ကုန်းတွင် မြေပြင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု စတင်တော့မည် ဖြစ်သည့်အပြင်သရေခေတ္တရာ ပျူမြို့ဟောင်းသို့ ခရီးသွားများ ကျယ်ဝန်းလွတ်လပ်စွာသွားလာနိုင်ရေး (၄)လမ်းသွားကားလမ်း ဖောက်လုပ်မည်ဖြစ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာလ ၈ ရက်တွင် သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းအပြင် ပျူမြို့ဟောင်း မြို့ဝင်တံခါးပေါက်၊ မြို့ရိုးနှင့်ကျုံး ပြန်လည်ဖော် ထုတ်နိုင်ရေး မှုတ်ရှည်မြို့ဝင်တံခါးပေါက်၌ ကျူးကျော်နေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်းများပြုလုပ်မည်ဖြစ်ကာသတ်မှတ်ရှေးဟောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများမရှိစေရေးကိုလည်း ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပျူမြို့ဟောင်းရှိ နန်းတော်ရာကုန်းကို ပြန်လည်တူးဖော်ခြင်း၊ အတွင်းကျုံး ရေအမြဲရှိစေရေး မူလရေဝင်ရေလွှဲစနစ်ကို ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် ဦးသောမကန်၊ ရဟန္တာကန်နှင့် ကြာကန်တို့ကို ရှေးမူမပျက် စနစ်တကျ တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်းပုံသဏ္ဍာန်ရှိကာ မြို့ရိုးမှာ အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာရှိပြီး မြို့ဟောင်းအတွင်း မှော်ဇာရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာ ပါဝင်ကြောင်း၊ ဒေသရာဇဝင်များအဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော်သက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂုမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ၇ ဦးတို့သည် မြတ်စွာဘုရား ဗျာဒိတ်တော်ရှိသည်နှင့်အညီ မြို့ကိုတည်အံ့သော အကြောင်းကို စုရုံးတိုင်ပင်ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင် နဂါးကိုစက်ကြိုးပြု၍ ပတ်စေခဲ့ကြောင်း၊ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာမြို့တော်၏ ပမာဏအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင်မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ကြောင်း၊ သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုးကဲ့သို့သော အဆောက်အဦ အကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန်အထိ လူနေထိုင်ဆဲ မြို့ပြတစ်ခုဖြစ်ကြောင်း၊ မြို့ဟောင်းတူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်းများကို ၁၉၀၇ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပြည်မြို့ရှိ ဧရာတီမြစ်ကမ်းတစ်လျှောက် ဒေသခံပြည်သူများ အပန်းဖြေစေရန် ကမ်းနားလမ်းကို အဆင့်မီကမ်းနားလမ်းအဖြစ်ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group