#Local_News
Pubblished- 21 September 2022

 

ယနေ့စက်တင်ဘာလ (၂၁) ရက်တွင် ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲချက်တင်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို မဲဆောက်-မြဝတီပြန်လည်ပေါင်းစည်းရေးဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

 

ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် တရားမဝင်ပို့ဆောင်ခြင်းခံရသူ မလင်းလင်းဝေ၊ မခင်ယုမေတို့အား ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့်အခြေအနေမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မိသားစုများ၊ ဆွေမျိုးများသည် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သုဝဏ္ဏဘူမိလေဆိပ်မှ တစ်ဆင့် ဝင်/ထွက်သွားလာမှုများ ရှိနေပြီး ၎င်းတို့အနက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခြင်း ခံရသောမသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေ၊ မခင်ယုမေတို့သည် လေဆိပ်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့်ကောင်တာတွင် Show Money အဖြစ် ဒေါ်လာအတုပြသမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

 

မြန်မာပြည်ရှိ မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ဧပြီလ ၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးမှသိရှိပြီး ထိုင်းရှေ့နေများ၏ အကူအညီဖြင့် မသန်းယုမေ၊ မဖြိုးဇာဝေ ၂ ဦးအား ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှ သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်-ဗန်ကောက်ဒုက္ခသည်စခန်းတို့မှ ကယ်ယူနိုင်ခဲ့ပြီး လိုအပ်သော ခရီးစရိတ်များ ထောက်ပံ့ကာ မေလ ၃၀ ရက်နေ့တွင် မဲဆောက်နယ်စပ်မှ တစ်ဆင့် မြဝတီသို့ ပို့ဆောင်နိုင်ခဲ့သည်။

 

ယင်းအပြင် ဖမ်းဆီးခြင်းခံရသည့် လေးဦးအနက် မလင်းလင်းဝေ၊ မခင်ယုမေတို့ ၂ ဦးအား ဒေါ်လာလက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး လေကြောင်းလိုင်းမှ လာရောက်သော မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် နေထိုင်မည့် လိပ်စာ၊ Show Money တစ်ဦးချင်း ဘတ် ၂ သောင်း၊ မိသားစု ဘတ် ၄ သောင်း(သိုမဟုတ်)၎င်းငွေပမာဏနှင့် ကိုက်ညီမည့် ဒေါ်လာတို့ လိုအပ်မည်ဖြစ်ပါကြောင်း အလုပ်သမားသံအရာရှိရုံးမှ အသိပေးထားသည်။

#ymg/STH
#Yangon_Media_Group