#Local_News
Published - 20 September 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှု နောက်နှစ်ပတ်အကြာ အပြီးသတ်လျှောက်လဲမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲတွင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခဲ့ကြောင်း သိရသည်။

 

"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူတယ်ဆိုတဲ့ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ စစ်တယ်။ အပြစ်မရှိဘူးလို့ ပြောတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။နောက်ထပ်နှစ်ပတ်ခွာပြီးတော့ ချိန်းတယ်ဆိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာ ထပ်ချိန်းပါတယ်။ အပြီးသတ် လျှောက်လဲဖို့ပေါ့"ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

 

ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲဖြစ်သော ရဟတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

 

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ကလည်း အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းလှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group