#LocalNews
Published - 18 September 2022

 

ကိုဗစ်ကူးစက်မှု များပြားလာသည့်အတွက် လူအများစုဝေး နေထိုင်သည့်နေရာများတွင် ကိုဗစ်ရောဂါကပ်အသွင် ဖြစ်ပွားလာနိုင်ကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အလေးထားပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်း၊ ပရဟိတဂေဟာ၊ ဘာသာရေး အဖွဲ့အစည်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားတွေကို စခန်းသွင်း လေ့ကျင့်ခြင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ လူအများစုဝေး နေထိုင်သည့်နေရာ (Institution)များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သည့်အတွက် လူအများ စုဝေးနေထိုင်ရာနေရာများဆီသို့ ရောက်ရှိနေထိုင်ရသူတွေသည် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်တွေကို အတိအကျ ပူးပေါင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

စက်တင်ဘာလဆန်းပိုင်းကစပြီး ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု ပိုမိုများပြားလာနေပြီး နေ့စဉ် လူနာသစ် ၂၀၀ ကျော်နှင့် အထက် တွေ့ရှိနေရကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

ယင်းအပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားပါက ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မှာဖြစ်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်လည်း အသိပေးကြေညာထားသည်။

 

လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၃၆ ဒသမ ၅ သန်း ရှိပြီး အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၀၅ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group