#Local_News
Published_ 17 September 2022

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အဖွဲ့ဝင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။

 

ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးချက်များကို နှစ်ဖက်သဘောထားများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာ စိစစ် ချက်များကို ရှင်းလင်းတင်ပြပါတယ်။

 

ယင်းနောက် တက်ရောက်လာကြသူများက သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group