#Local_News
Published_ 16 September 2022

 

လာမည့်ရွေးကောက်ပွဲတွင် ပုံစံ(၆၆/၆)ရှိမှသာ မိမိနေထိုင်ရာဒေသမဲစာရင်း၌ ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်းတွင်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။

 

ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးရမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

နိုင်ငံသားများအနေနဲ့ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် မဲပေးရာ တွင် ပြည့်စုံရမယ့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) များ ရှိကြရမှာ ဖြစ်ပါတယ်။

 

သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တာဝန်ရှိတဲ့ ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်လိုပြီး လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးမှာ ဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပေးဟောပြော ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group